ပါကစ္စတန်တွင် မိဘသဘောမတူသူကို လက်ထပ်ခဲ့သည့် သမီးအိမ်ကို ဖခင်ကမီးရှို့၊ သမီးနှင့် မြေးများသေဆုံး

ပါကစ္စတန် အမျိုးသားတယောက်က သူ့သမီးတယောက်ဟာ သူ့ဆန္ဒကို ဆန့်ကျင်ပြီး လက်ထပ်သွားခဲ့လို့ သမီး၂ ယောက်နဲ့ သူတို့ရဲ့ ကလေး လေးယောက် သေဆုံးတဲ့အထိ အိမ်ကို မီးရှို့ခဲ့တယ်လို့ သံသယ ရှိထားတဲ့အကြောင်း ရဲတွေက အောက်တိုဘာ ၁၇ ရက်မှာ ပြောပါတယ်။

ပါကစ္စတန်အလယ်ပိုင်း မူဇာဖှာဂတ်ခရိုင်က ရွာတရွာမှာ ညီအမ နှစ်ယောက်အတူနေတဲ့ အိမ်ကို မီးရှို့ခံရအပြီး ဖခင်မန်ဇာဟူစိန်ကို ရဲတွေက ရှာနေတယ်လို့ ရဲအရာရှိက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မီးလောင်မှုကြောင့် သားမက် တယောက် သေဆုံးတယ်လို့လည်း ရဲက ပြောပါတယ်။ သမီးတယောက်က ဖခင်ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ပေးစားတဲ့သူနဲ့မယူဘဲ သူ့ချစ်သူနဲ့ လွန်ခဲ့တဲ့ ၁၈ လက လက်ထပ်ခဲ့တယ်။ 

ဖခင်ဖြစ်သူက အနားက ရွာမှာ နေထိုင်တာဖြစ်ပြီး မီးလောင်မှုဟာ မိသားစု နှစ်စုကြား ပြိုင်ဆိုင်မှုရဲ့ ရလဒ်ပဲလို့ ရဲက ပြောပါတယ်။

မီးလောင်ချိန်မှာ သားမက်တယောက်က အိမ်မှာ ရှိမနေဘဲ အလုပ်ကနေ မနက် အစောပိုင်း ပြန်လာချိန်မှာ အိမ်မီးလောင်နေတာ တွေ့ရတယ်လို့ ရဲကို ပြောပါတယ်။

မီးလောင်မှုကြောင့် သမီးတယောက်ရဲ့ လေးလအရွယ် သားငယ်နဲ့ နောက်သမီးတယောက်ရဲ့ ကလေး ၃ယောက် သေဆုံးခဲ့တယ်လို့ ကျန်ရစ်သူ သားမက်က ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာ နှစ်စဉ် ရာချီတဲ့ အမျိုးသမီးတွေဟာ မိသားစု ဆန္ဒကို ဆန့်ကျင် လက်ထပ်မှု အတွက် ဆွေမျိုးတွေ သတ်ဖြတ်တာကို ခံနေရတယ်လို့ ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။

More News
Up