ပူတာအိုမှ စစ်ကိုင်းသို့ ပို့ခံရသည့် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့၀င် မိသားစုများ စိုးရိမ်နေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့၀င်တချို့ဟာ  ပူတာအိုကနေ စစ်ကိုင်းတိုင်းကို  ပို့ခံရလို့ တပ်မိသားစု၀င်တွေ စိုးရိမ်ပူပန်နေကြပါတယ်။

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀၀ ခန့်ကို အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်းကို စစ်ကူအင်အားဖြည့်တဲ့အနေနဲ့ ပို့ခဲ့တာဖြစ်ပြီး အများစုဟာ ပူတာအို မြို့နယ်ရှိ ကျေးရွာတွေထဲက ဖြစ်တယ်လို့ သိရပါတယ်။

ပူတာအိုဒေသခံ တစ်ဦးက "ဦးရဲ့သားကို အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းမှာ သူတို့ ပြည်သူ့စစ်ရုံးကို ခနဆိုပြီး ခေါ်သွားတာ ဒီနေ့ထိ မပြန်လာဘူး။ သားလေးအတွက် စိတ်ပူတယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး။ တချို့ ပြောတာက ခေါင်လန်ဖူးဘက်ကို ရောက်နေပြီလို့တော့ ကြားမိတယ်"

ပြည်သူ့စစ်တပ်ဖွဲ့၀င်တစ်ဦးရဲ့အကိုတစ်ဦးက  “ကျနော့်ညီကို ၁၄ ရက် မနက်ပိုင်းမှာ ခေါ်သွားတယ်။ ညီကလည်း ပြည်သူ့စစ်အဖွဲ့၀င်တစ်ဦးပါ။ သူတို့ကို စစ်ကိုင်းတိုင်းဘက် ခေါ်သွားတယ်လို့ ကြားတယ်။ ဘယ်သူ့ကိုမှ မပြောဖို့ အတင်းဖိအားပေးခံရတော့ သူဘယ်ရောက်နေတယ်ဆိုတာကို မပြောပြဘူး” လို့ ဆိုပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်ပိုင်း တချို့က ပြည်သူ့စစ်တပ်ဖွဲ့၊ တပ်သားတွေကို စစ်ကိုင်းဘက် ပို့တယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ကြောင်း ရှင်းပြနေတာရှိတယ်လို့ သိရပါတယ်။

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေအပို့ခံရတဲ့ စစ်ကိုင်းတိုင်းဟာ လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်နေတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်သားတွေလည်း အများအပြား ထိခိုက်ကျဆုံးတာတွေ နေ့စဉ်လိုလို ရှိနေတာ ဖြစ်ပါတယ်။

More News
Up