ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက်နေ့ မနက်အစောပိုင်းက စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ဗုံးခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အမှတ် ၁၆ ရပ်ကွက်မှာရှိတဲ့ စစ်အုပ်စုပိုင်တဲ့ မိုင်တဲလ်တာဝါတိုင်ကနေ မနက် ၁ နာရီကျော်လောက်မှာ ဗုံး ၂ ကြိမ် ပေါက်ကွဲသံကြားခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “တာဝါတိုင် ခြေရင်းကနေ ဗုံးထပေါက်တာ။ ပေါက်ပြီးတော့ မီးပါစွဲလောင်တာ။ သိပ်မကြာဘူး၊ စစ်သားတွေ ရဲတွေ မီးသတ်တွေ ရောက်လာပြီ ပတ်ဝန်းကျင်ကို ဆဲပြီး အကုန်မီးရှို့မယ် ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်အုပ်စုတပ်သားတွေနဲ့ ရဲတွေရောက်လာပြီး ပတ်ဝန်းကျင်ကို ဆဲဆိုခြိမ်းခြောက်ကာ စစ်ဆေးတာတွေပြုလုပ်ခဲ့သလို ချောင်းတွင်းချောင်းရိုးတလျှောက် စက်လှေနဲ့ပတ်ပြီး စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖျာပုံမြို့နယ်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်း ဗုံးပေါက်ပြီး မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးခံရမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဧရာ၀တီအတွင်းမှာတော့ မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးခံရမှုဟာ ၁၀ ကြိမ် နီးပါးရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က ရပ်ကျေးစာရေးတဦးကို ရှင်းလင်းခဲ့ပြီးနောက်ပိုင်း ပစ္စတိုသေနတ်နဲ့ ကျည်ဆန်ပေးပို့ကာ ကျေးရွာအုပ်ချုပ်ရေးမှူးကို ထပ်မံသတိပေးလိုက်တယ်လို့ သိရပါတယ်။
ကျော်ဇံကျေးရွာက စစ်အုပ်စုသတင်းပေးလို့ နာမည်ကြီးသူ ရပ်ကျေးထွေအုပ်စာရေး အေးသွင်းဆိုသူကို ဧရာကဗေဒါအဖွဲ့က ရှင်းလင်းခဲ့ပြီးနောက်ပိုင်းမှာ သေနတ်တလက်နဲ့ ကျည်ဆန် ၉ တောင့် ပေးပို့ သတိပေးခဲ့တာလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့က သိရပါတယ်။
“မနေ့က အုပ်ချုပ်ရေးမှူးကို ရှင်းဖို့ပါ။ သူ မပါလာလို့ သူ့တပည့်ကို ရှင်းလိုက်ရတာ။ စစ်ကောင်စီကို သတင်းပေးနေလို့ ရှင်းရတာပါ။ ပြည်သူကို ဒုက္ခပေးနေတာအကုန် ရှင်းမှာပါ”လို့ ဧရာကဗေဒါ အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါ့ပြင် ဧရာကဗေဒါအဖွဲ့မှာ စစ်အုပ်စုသတင်းပေး ဒလန်တွေကို ရှင်းလင်းဖို့အတွက် တူရကီထုတ် ပစ္စတိုအမျိုး အစားသေနတ် ၁ လက်စီ အားလုံးရရှိထားတယ်လို့ ဆိုပါတယ်။
ဧရာကဗေဒါအဖွဲ့ရဲ့ သတိပေးခံခဲ့ရတဲ့ ကျော်ဇံကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူဟာ အာဏာသိမ်းစစ်အုပ်စုက ဗိုလ်ကြီးအဆင့်ရှိသူရဲ့ မိခင်လည်း ဖြစ်တယ်လို့ သိရပါတယ်။