လွှတ်တော်အမတ်များ၏ လုံခြုံရေးအတွက် စီမံထားဟု ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပြော

လွှတ်တော်အမတ်တွေ သူတို့တာဝန်ကို ဆက်ထမ်းဆောင်ဖို့ လုံခြုံရေး အစီအမံတွေ ချမှတ်သွားမယ်လို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ပရီတီပတေးလ်က အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။ 

ဒီမိုကရေစီကို တိုက်ခိုက်တဲ့ လူတွေ အောင်မြင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောလိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်က အသက် ၆၉ နှစ်အရွယ် လွှတ်တော်အမတ် ဒေးဗစ် အာမက်စ်ဟာ ဓားနဲ့အချက်ပေါင်းများစွာ အထိုးခံခဲ့ရပါတယ်။

ရွေးကောက်ခံ ဒီမိုကရက်တစ် အဖွဲ့ဝင်တွေအနေနဲ့ သူတို့တာဝန်ကို ထမ်းဆောင်နိုင်ဖို့ လွှတ်တော် အမတ်တွေရဲ့ လုံခြုံရေးအတွက် အစီအမံတွေ အားလုံး လုပ်ပေးနေပြီလို့ ဓားထိုးမှုဖြစ်တဲ့ နေရာနားမှာ ဝန်ကြီးက မီဒီယာကို ဖြေကြားခဲ့ပါတယ်။

ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းထဲမှာနေပြီး ရွေးကောက်ခံ ဒီမိုကရေစီ တာဝန်တွေကို ထမ်းဆောင်ဖို့ လုပ်ငန်းစဉ်တွေကနေ  ဟန့်တားဖို့ ဘယ်တဦးတယောက်ရဲ့ ချိုးနှိမ်မှုကိုမှ ခံနိုင်မှာမဟုတ်ဘူးလို့ လည်း ပတေးလ်က ပြောပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်ကလည်း အတိုက်အခံလေဘာပါတီက အမတ် ဂျိုးကောက်စ်ဟာ သူ့ရဲ့ မဲဆန္ဒ နယ်မြေထဲမှာ မဲရှင်တွေနဲ့ တွေ့ဖို့ ပြင်ဆင်နေတုန်း အသတ်ခံခဲ့ရဖူးပါတယ်။

More News
Up