ဘာလီကျွန်းငလျင် လူ ၃ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အောက်တိုဘာ ၁၆ ရက်မနက်က ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၈ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာမှာ အနည်းဆုံး လူ သုံးယောက်  သေဆုံးသွားတယ်လို့ အင်ဒိုနီးရှား ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။ 

ငလျင်ဟာ ဘာလီခရီးသွားကျွန်းရဲ့အရှေ့ဘက်ခြမ်းရှိ ကာရန်ဂါဆမ်နဲ့ ဘန်ဂလီ ခရိုင်တွေကိုထိခိုက်ခဲ့ပြီး ရှာဖွေမှုကိုအဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကြေညာထားပေမဲ့ အာဏာပိုင်တွေက အခြေအနေကို ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ 

ပြိုကျတဲ့အပျက်အစီးတွေကြောင့် သေဆုံးခဲ့ရတဲ့တွေထဲမှာ အသက် သုံးနှစ် အရွယ်မိန်းကလေးတယောက်လည်း ပါဝင်ပါတယ်။ 

ဘန်ဂျာဝန်စီရန်မှာ ပြင်းအား ၄ ဒသမ ၈ ရှိတဲ့ငလျင်ဟာ ၁၀ ကီလိုမီတာ အနက်မှာ လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) က ပြောပါတယ်။ 

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းထားပြီး ဒေသခံ သဘာဝဘေးလျော့ပါးရေးအေဂျင်စီက အချက်အလက်တွေ စုဆောင်းနေဆဲဖြစ်တယ်လို့ ဒေသခံ ရှာဖွေကယ်ဆယ်ရေး၀န်ကြီးကပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေပြိုမှုကြောင့် လမ်းကြောင်းပြတ်တောက်နေပြီး ရေကန်တစ်လျှောက်က လူတွေကိုကယ်ထုတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘာလီရဲ့တခြားအစိတ်အပိုင်းတွေမှာတော့ သိသိသာသာ ထိခိုက်ပျက်စီးမှု မရှိပေမဲ့ ငလျင်ဒဏ်ကို အနီးနားက လွမ်ဘွခ်ကျွန်းမှာလည်း ခံစားခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။

ဘာလီကျွန်းဟာ ကိုဗစ်ကပ်ရောဂါကန့်သတ်ချက် ၁၈ လကြာပြီးနောက်မှာ နိုင်ငံတကာခရီးသွားတွေ အတွက် ကြာသပတေးနေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ဧည့်သည်တွေဟာ အခုလနှောင်းပိုင်းမှသာ စတင်ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 

More News
Up