ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အရှေ့ပိုင်း မြို့နဲ့ ၂ မိုင်လောက်အကွာ ကေအန်ယူနယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်တွေအကြား အောက်တိုဘာလ ၁၆ ရက် ဒီနေ့မနက် နှစ်ဘက် ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကေအန်ယူ သတင်းရင်းမြစ်ကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကော့ကရိတ်မြို့ အရှေ့တောင်ဘက် သတ်မှတ်နယ်မြေထက် ကျော်လွန်လာပြီး မော်တော်ယာဉ် ၇ စီးနဲ့ဝင်ရောက်လာရာမှာ KNLA တပ်မဟာ (၆) တပ်ရင်း(၁၈)ဘက်မှ ခုခံကာကွယ်ပစ်ခတ်ခဲ့လို့ဆိုပါတယ်။
ဒီမနက် ၈ နာရီကျော်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ကြပြီး ကော့ကရိတ်မြို့ အခြေစိုက် စစ်ကောင်စီတပ်က စခန်းချထားတဲ့ လက်နက်ကြီးအဖွဲ့ကလည်း လက်နက်ကြီးနဲ့ ကူပစ်ပေးခဲ့တယ်လို့ ကေအန်ယူဘက်က ပြောပါတယ်။
အန်စီအေ အပစ်ရပ်လက်မှတ်ထိုးတဲ့ ၆ နှစ်ပြည့်ပြီး နောက်တနေ့မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားတာနဲ့ ပတ်သက်လို့ KNLA တပ်သားတစ်ဦးက “ စစ်ကောင်စီဘက်က နယ်မြေကျော်လွန် တိုက်ပွဲလို့ ဆိုရမှာပါ။ အခုတိုက်ပွဲဟာ စစ်ကောင်စီမှ နယ်မြေကျူးလွန်ခြင်းမရှိရင် တိုက်ပွဲဖြစ်ရန် အကြောင်းမရှိဘူး” လို့ ပြောပါတယ်။
ကော့ကရိတ်မြို့နယ်မှာ အခုသီတင်းပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာပေါင်း ၇ ရွာ က ဒေသခံတွေအိုးအိမ်တွေ စွန့်ခွာ လွတ်မြောက်ရာ တိမ်းရှောင်သွားကြပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ နေအိမ် ၃ လုံး ထိမှန်ခဲ့ပါတယ်။