အာဖဂန်မှ အားကစားသမားများနှင့်မိသားစုများကို ကာတာအစိုးရ အကူအညီဖြင့် ကယ်ထုတ်နိုင်

အာဖဂန်နစ္စတန်နိုင်ငံကနေအားကစားသမား ၁၀၀ နီးပါးနဲ့ သူတို့ရဲ့ မိသားစုတွေကို ကာတာအစိုးရရဲ့ အကူအညီနဲ့ ကယ်ထုတ်နိုင်ခဲ့ပြီလို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက သတင်းထုတ်ပြန်ပါတယ်။

ကာတာ နိုင်ငံခြားရေးဝန်ကြီးကို ကိုးကားတဲ့ ရိုက်တာ သတင်းတပုဒ်မှာလည်း အာဖဂန် အားကစားသမားတွေ ကြာသပတေးနေ့က ကဘူးလ်လေဆိပ်ကနေ ကာတာ လေကြောင်းလိုင်းနဲ့ ကာတာနိုင်ငံကို ရောက်ရှိသွားပြီးလို့ အတည်ပြုပါတယ်။

အမေရိကန်တပ်တွေ အာဖဂန်နစ္စတန်နိုင်ငံကနေ ရုပ်သိမ်းသွားပြီး တာလီဘန်တွေ အာဏာပြန်ရလာတဲ့ အခြေအနေမှာ အာဖဂန်နစ္စတန်မှာ ဆက်လက်နေထိုင်ဖို့ အန္တရာယ်ရှိသူတွေကို ကယ်ထုတ်တဲ့ အစီအစဉ်မှာ ဖီဖာကလည်း ပါဝင်လာတာ ဖြစ်ပါတယ်။

ကယ်ထုတ်ခဲ့တဲ့ အာဖဂန် အားကစားသမားတွေထဲမှာ တာလီဘန် လက်အောက်မှာ ဆက်လက်နေထိုင်ဖို့ အလွန်အန္တရာယ်များတဲ့ အမျိုးသမီးအားကစားသမားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အာဖဂန် အားကစားသမားတွေကို ဒီလို ဘေးကင်းလုံခြုံစွာနဲ့ ကယ်ထုတ်နိုင်ဖို့အတွက် အစစ အရာရာ ကူညီပေးတဲ့ ကာတာ အစိုးရကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ဖီဖာရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စကို ဆောင်ရွက်ဖို့အတွက် ဖီဖာအဖွဲ့ လူကြီးတွေဟာ ကာတာအစိုးရနဲ့ သြဂုတ်ကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နောက်ထပ်လည်း ကယ်ထုတ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

More News
Up