Sunday, May 28, 2023
HomeLead Storyမြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီး ညီလာခံ တက်ခွင့်မပြုသည့်ဆုံးဖြတ်ချက် သင့်လျော်မှန်ကန်ဟု အမေရိကန်ပြော

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီး ညီလာခံ တက်ခွင့်မပြုသည့်ဆုံးဖြတ်ချက် သင့်လျော်မှန်ကန်ဟု အမေရိကန်ပြော

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးညီလာခံမှာ ပါဝင်တက်ရောက်ခွင့်မပေးတာဟာ လုံးဝ သင့်လျော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိ တစ်ဦးက ပြောကြားလိုက်ပါတယ်။

ထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံရဲ့ပါဝင်မှုနဲ့ ပတ်သက်ပြီး အာဆီယံက အဆင့်လျှော့ချသတ်မှတ်လိုက်တာဟာ လုံးဝသင့်လျော် ကောင်းမွန်ပြီး  တကယ်ကို ပြည့်စုံ မှန်ကန် တရားမျှတတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက တာဝန်ရှိသူက အောက်တိုဘာ ၁၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ Sputnik သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံမှာ ပဋိပက္ခငြိမ်းချမ်းစွာဖြေရှင်းရေးနဲ့  ဒီမိုကရေစီပြန်လည်ထွန်းကားရေးတို့အတွက် အားထုတ်ကြိုးပမ်းမှုအားလုံးကို အမေရိကန်အနေနဲ့ အားပေးထောက်ခံပြီး အာဆီယံရဲ့ဆုံးဖြတ်ချက်ကို အပြည့်အဝ လေးစားတယ်လို့ လည်းပြောပါတယ်။ 

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  အခုလကုန်ပိုင်းမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ တက်ခွင့်မပြုဖို့ အာဆီယံနိုင်ငံတွေက ဆုံးဖြတ်လိုက်တဲ့အကြောင်း အာဆီယံသံတမန်တွေကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကိုယ်စား နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ ထင်ရှားတဲ့ အရပ်ဘက်ပုဂ္ဂိုလ်တဦးကို ဖိတ်မယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကနေ သဘောတူညီခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၅  ရက်က အာဆီယံနိုင်ငံခြားဝန်ကြီးများအထူးအစည်းအဝေးကို အွန်လိုင်းကနေ ၂ နာရီကြာကျင်းပပြီးခုလိုဆုံးဖြတ်လိုက်တာပြီး ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့တော့ လက်ရှိအလှည့်ကျအာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက အောက်တိုဘာ ၁၆ ရက် ဒီကနေ့ တရားဝင် ထုတ်ပြန်ကြေညာဖို့ရှိပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရတ်နိုမာဆူဒီကတော့ “အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်ကနေတဆင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိတဲ့ နိုင်ငံရေးအခြေအနေတခုကို မရောက်သရွေ့  ထိပ်သီးညီလာခံမှာ မြန်မာကို ပါဝင်တက်ရောက်ခွင့် မပြုဖို့ အင်ဒိုနီးရှားနိုင်ငံက အဆိုပြုခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ ထွစ်တာလူမှုကွန်ရက်မှာ ရေးပါတယ်။ 

 အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မတူညီတဲ့ အမြင်တွေဆွေးနွေးခဲ့ကြပေမဲ့ အများစုကတော့  မြန်မာ နိုင်ငံရေးနယ်ပယ်က ဘယ်သူ့ကိုမှ ထိပ်သီးညီလာခံတက်ခွင့်မပေးတာပိုနှစ်သက်ကြပြီး တချို့ကတော့ အလွန်ဆုံး နိုင်ငံခြားရေးဝန်ကြီး အဆင့်ကို တက်ခွင့်ပြုသင့်တယ်လို့ သဘောထားရှိကြတယ်လို့လည်း သိရပါတယ်။ 

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးညီလာခံကို အခု အောက်တိုဘာလ  ၂၆ ရက်မှ  ၂၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ခြင်းမရှိတဲ့အတွက် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို အစည်းအဝေးပေးမတက်ဖို့ အာဆီယံ နိုင်ငံရဲ့ ဝန်ကြီးတွေက အစကတည်းက ထုတ်ဖော်ပြောကြားထားတာဖြစ်ပါတယ်။

ကုလသမဂ္ဂအကြီးအကဲ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း အောက်တိုဘာ ၁၅ ရက်က ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့   virtual အွန်လိုင်းအစည်းအဝေးကို ရွှေ့ဆိုင်းဖို့  နောက်ဆုံးမိနစ်မှာ တောင်းဆိုခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular