ရန်ကုန်တိုင်းဒေသကြီး၊ ကုန်သည်လမ်းနဲ့ မဟာဗန္ဓုလပန်းခြံလမ်းဒေါင့်က အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှာ ဒီကနေ့ အောက်တိုဘာ ၁၅ ရက် မနက် ၁၀ နာရီ ၃၆ မိနစ်အချိန်က ဗုံးပေါက်ကွဲခဲ့တယ်လို့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုဟာ မြို့လယ်ခေါင်လူစည်ကားရာနေရာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပေမဲ့ လူထိခိုက်မှု သတင်းတွေတော့ မကြားဘူးလို့ ဆိုပါတယ်။
ဗုံးဖေါက်ခွဲမှုကို Free Tiger Ranger (ပုဇွန်တောင်မြို့နယ်ခွဲ) အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။
ဗုံးကွဲတဲ့အနားမှာရှိတဲ့ အခွန်ရုံးက ဝန်ထမ်းတချို့နဲ့ အခွန်ဦးစီးမှူးတွေဟာ စစ်ကောင်စီအလိုကျ ပြည်သူလူထုထံ အခွန်ငွေအဓ္ဓမကောက်ခံတာနဲ့ CDM ဝန်ထမ်းတွေကို ဖိအားပေး ရုံးပြန်တက်ခိုင်းနေတယ်လို့ သိရတာကြောင့် ဖိအားပေး လုပ်ဆောင်မှုတွေ ရပ်တန်းက မရပ်ပါက သူတို့နဲ့ သူတို့ရဲ့ မိသားစုပါမကျန် ပြင်းထန်းစွာ တိုက်ခိုက်သွားမယ်လို့ Free Tiger Ranger(ပုဇွန်တောင်မြို့နယ်ခွဲ)က သတိပေးထားပါတယ်။