မင်းကင်းနှင့်ချောင်ဦးမြို့နယ်တို့တွင် အပြစ်မဲ့ပြည်သူ ၆ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း မင်းကင်းနဲ့ ချောင်ဦးမြို့နယ်တို့မှာ အပြစ်မဲ့ ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာက စိတ်ဝေဒနာသည် ၁ ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၅ ဦးကို အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီက သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ရွာသားတွေဆီက သိရပါတယ်။

ဒေသခံတဦးက "ပန်းဆက်ကျေးရွာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဗျ။ အောက်တိုဘာ ၁၃ ရက်နေ့မနက်ခင်းမှာ သူတို့ကျနော်တို့ လောင်းပြည့်ရွာဘက်ထွက်လာပြီဆိုတာ သိတော့ ရွာသား တွေက ကျေးရွာအတွင်းကနေ အကုန်ရွာအပြင် ထွက်ပြေးကြရတာပေါ့ဗျာ။ ဒီကောင်တွေ ရွာထဲဝင်ပြီး သူတို့လိုချင်တာတွေ စိတ်ကြိုက်ရှာယူတယ်။ နောက်ပြီး သူတို့မလိုချင်တာ ဖျက်ဆီးသွားတယ်ဗျ။ အဲလိုလုပ်ပြီး ရွာအပြင် စစ်ကြောင်းပြန်ထွက်ချိန် ကြောက်ပြီး စစ်ဘေးရှောင်နေတဲ့ ရွာသား ၅ ဦးကို သေနတ်နဲ့ ပစ်သတ်သွားတယ်” လို့ ပြောပါတယ်။

ပစ်သတ်ခံရသူတွေကတော့ ကိုမင်းသန့် (၂၆ နှစ်)၊ ဦးပို (၄၅ နှစ်)၊ ဦးသာဆွေ (၅၄ နှစ်)၊ ကိုချပ်ပြား( စိတ်ဝေဒနာသည်) နဲ့ ကိုဆွေလှိုင်ဦး (၂၇နှစ်) တို့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ရွာသား ၅ ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ၃ ဦးကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ် ကင်းမွန်တော်ရွာမှာလည်း  အောက်တိုဘာ ၁၂ ရက်နေ့က အသက် ၄၀ အရွယ် ဦးသန်းနိုင်ကို ပျူစောထီးအဖွဲ့က သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ရွာက ပျူစောထီးကြီးစိုးတဲ့ ရွာလို့ ပြောရင်တောင် ရလိမ်မယ်ဗျ။ သူတို့က ရွာသားတွေ ကို မနက် ၅ ကနေ ညနေ ၅ နာရီကလွဲပြီး အပြင်ထွက်ခွင့် ပိတ်ပင်ထားကာ အပြင်ထွက်သူကိုတွေ့ရင် ပစ်သတ်မယ်။ ငါတို့ကို စစ်တပ်ကလည်း အဲလို အမိန့်ထုတ်ခိုင်းထားတယ်လို့ ရွာက ပျူစောထီးခေါင်းဆောင်ဆိုသူက ပြောတယ်ဗျ” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

ဦးသန်းနိုင်ဟာ အောက်တိုဘာ ၁၂ ရက်နေ့က နေအိမ်က လျှပ်စစ်မီးကြိုးနဲ့ မလွတ်တဲ့ သစ်ပင်ခုတ်ဖို့ သစ်ခုတ်သမား သွားခေါ်ရာကနေ လမ်းမှာ အသတ်ခံရပြီး ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။

ကင်းမွန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ရွာသားအချို့ နီးစပ်ရာ နေအိမ်တွေမှာ ပြောင်းရွှေ့နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့  ပျူစောထီးအဖွဲ့ ပစ်သတ်မှုကြောင့် သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up