စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင် လင်မယားနှစ်ယောက် အောက်တိုဘာ ၁၄ ရက် ဒီနေ့ မနက် ၁၁ နာရီလောက်က ဝက်လက်-ရှိန်းမကားလမ်း ရုံးပင်ကုန်းနဲ့ဆာတောင်နီကြားမှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရှိမ်းမကားရွာသစ်က အသက် ၄၀ ကျော်အရွယ် ဦးသိန်းတန်နဲ့ ဇနီး မရီသန့်တို့ဟာ ဝက်လက်မြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးအပြန် အခုလို ပစ်သတ်ခံရတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒေသခံတဦးက “လင်မယားနှစ်ယောက် ကိုဗစ်ကာကွယ်ဆေးထိုးပြီး ဝက်လက်ကပြန်အလာ ပစ်သတ်ခံရတာဗျ။ သူတို့ လင်မယားနှစ်ယောက်က ကြံ့ခိုင်ရေးပါတီဝင်တွေလေ၊ ယောက်ျား ဖြစ်သူက ရဲတွေနဲ့ရင်းနှီးကျွမ်းဝင်တယ်။ ဘယ်အဖွဲ့ကပစ်သတ်တယ်ဆိုတာတော့ မသိရသေးဘူး၊ ယောက်ျားဖြစ်သူကတော့ ပွဲချင်းပြီး သေဆုံးတယ်၊ မိန်းမဖြစ်သူက သေနတ်မှန်ပြီး ထွက်ပြေးတာ ဘယ်ပြေးမှန်းမသိ ပျောက်နေတာလို့တော့ ပြောတယ်ဗျ။”
ဝက်လက်မြို့နယ်မှာ အောက်တိုဘာ ၃ ရက်နေ့ကလည်း ရုံးပင်ကုန်းရွာက ဒလန်တစ်ဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသလို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ရဲ ဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။