တောင်ကြီးတွင် ပြုပြင်လက်စတိုက်ပြိုကျ အလုပ်သမား ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီကနေ့ နေ့ခင်းပိုင်းက ပြုပြင်မွမ်းမံဆဲ တိုက်အိမ်ပြို ကျတာကြောင့် ဆောက်လုပ်ရေးအလုပ်သမား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားပါတယ်။

တောင်ကြီးမြို့ သစ်တောရပ်ကွက် ဇောတိကလမ်းထဲက အိမ်တစ်အိမ်မှာ မတော်တဆထိခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေနဲ့အတူ သွားရောက်ကူညီကယ်ဆယ်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ရှမ်းပြည်တောင်ပိုင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ဒီဗွီဘီကို ပြောပါတယ်။ 

“ဖြစ်သွားတာကတော့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာပါ။ ကျနော်တို့ဆီကို အကြောင်းကြားချက်ကတော့ ၁၂ နာရီ ၄၅ မှရောက်တယ်။ ကျနော်တို့တပ်ဖွဲ့ဝင် နဲ့ မီးသတ်ဌာန၊ အထွေထွေအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေပါ သွားကူကြပါတယ်။ ပထမတစ်ယေက်ကို အဲဒီက အလုပ်သမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့တယ်။ အသက်က ၂၀ ကျော် ၃၀ ဝန်းကျင်ရှိမယ်၊ သူကခါးလောက်ထိသွားတယ်၊ အခု ဆေးရုံမှာ ခွဲစိပ်ခန်းဝင်နေပြီ။ နောက်ထပ်တစ်ယောက်ကတော့ အလောင်းအနေနဲ့ပဲပြန်ရတယ်၊ အသက် ၂၀ ကျော်လူငယ်လေးပါ၊ စလစ်ပြားပိပြီးဆုံးသွားတာ။”   

သေဆုံးသူနဲ့ ဒဏ်ရာရသူ ၂ ဦးလုံးမှာ ဆောက်လုပ်ရေးအလုပ်သမားတွေဖြစ်ပြီး အခင်းဖြစ်ချိန်က အလုပ်သမား ၁၀ ကျော် အလုပ်လုပ်နေတာလို့ ဆိုပါတယ်။ 

အဆိုပါအဆောက်အအုံမှာ ပြုပြင်မွမ်းမံဆဲတစ်ထပ်တိုက်ဖြစ်ပြီး ခေါင်မိုးပြိုကျတာ ဖြစ်ကြောင်း၊ မတော်တဆထိခိုက်မှုလား၊ ပေါ့ဆမှုကြောင့်လားဆိုတာကို သက်ဆိုင်ရာက အိမ်ပိုင်ရှင်ကို ခေါ်ယူစစ်ဆေးနေဆဲပဲလို့ ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတို့ကို ကြက်ခြေနီအသင်း သူနာတင်ယာဉ်နဲ့ တောင်ကြီး စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up