မကွေးတိုင်း၊ ချောက်မြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့က ဒေသခံ လူငယ် ၇ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ချောက်မြို့ဒေသခံတဦးက ''မနေ့က မနက် ၅ နာရီလောက် အမှတ် ၈ ကွက်သစ်နောက်နားက လူငယ် ၅ ယောက်နဲ့ ညနေ ၆ နာရီ လောက်ကျတော့ အုတ်ဖိုရပ်ကွက်က ၂ ယောက်ကိုဖမ်းသွားတယ်တဲ့။ နာမည်တွေကတော့ စုံစမ်းနေတုန်းမို့ မသိရသေးဘူး။ ရဲနဲ့စစ်သားတွေ လာဖမ်းခေါ်သွားတာပဲ။ ဘယ်ခေါ်သွားမှန်းလည်းမသိဘူး'' လို့ ပြောပြပါတယ်။
အဖမ်းခံရတဲ့ လူငယ်တွေနဲ့ဒေသခံပြည်သူတွေဟာ မြို့ခံတွေဖြစ်ပြီး ကောင်းရောင်းကောင်းဝယ်နဲ့ ရိုးသားစွာစီးပွားရှာနေသူတွေဖြစ်တယ်လို့ သူတို့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အခုလို မြို့ခံ ၇ ယောက်ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ဒီဗွီဘီက ချောက်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
သတင်းပေးဒလန်တွေရဲ့ အခွင့်အရေးရလိုမှုနဲ့ မဟုတ်မမှန်သတင်းပေးမှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေက လူငယ်နဲ့လူလတ်ပိုင်းတွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာတွေနဲ့ PDF တွေဆိုပြီး ဇွတ်အတင်းဝန်ခံခိုင်းနေတာတွေလည်း ရှိနေပါတယ်။