စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့လယ်မီးပွိုင့်မှာ အောက်တိုဘာ ၁၄ ရက် ဒီကနေ့ မနက် ၇ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ စည်ပင်အမှိုက်သိမ်း ဝန်ထမ်း ၁ ဦးသေဆုံးပြီး တချို့ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် စည်ပင်ကားပေါ်မှာပါလာတဲ့ စည်ပင်အမှိုက်သိမ်းဝန်ထမ်း ၄ ဦးထဲက ၁ ဦး နေရာတင် ဗုံးထိမှန်သေဆုံးကာ၊ ၁ ဦး လက်ပြတ်သွားပြီး ကျန်သူတွေလည်း ထိခိုက်တာတွေရှိခဲ့တယ်လို့ မျက်မြင်သူတွေထံက သိရပါတယ်။
“အသံကတော့ အကျယ်ကြီးကြားရတာဗျ။ အဲလိုကြားလို့ အပြင်ထွက်ကြည့်တော့ စည်ပင်ကားပေါ် အမှိုက်ပုံးတင်တဲ့အချိန် ပေါက်ကွဲတဲ့သဘော ရှိမယ်။ စည်ပင်ဝန်ထမ်း တစ်ယောက်သေတယ်”လို့ ပေါက်ကွဲရာအနီး ဝန်းကျင်မှ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
အခု ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။