ထိုင်းတွင် လူ ၁ သောင်း ကျော် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရ၊ စုစုပေါင်း ၁၇ သိန်းကျော်ရှိလာ

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၀,၀၆၄ ယောက် ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၇ သိန်းကျော်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ထပ်မံသေဆုံးသူ ၈၂ ယောက်ရှိ ခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ စုစုပေါင်းကတော့ ၁၇,၉၁၇ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ အတည်ပြူလူနာသစ်တွေထဲမှာတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ၁၁၈ ယောက် ပါဝင်နေတာ ဖြစ်ပါတယ်။

အရင်တရက်တုန်းကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် ၉,၀၀၀ ကျော် သာရှိခဲ့တာမို့ ကူးစက်မှုနှုန်းဟာ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံကဆင်း ခွင့်ရသူအရေအတွက်ကတော့ ၁၀,၉၈၈ ယောက် ရှိနေခဲ့ကာ နိုင်ငံတဝန်း ရောဂါကူးစက် မှု စတင်ချိန်ကတည်းက ပြန်လည်ပျောက်ကင်းသက်သာလာသူအရေအတွက်ကတော့ ၁၆ သိန်းကျော် ရှိနေခဲ့တာပါ။

ထိုင်းနိုင်ငံတဝန်း ခရီးသွားလုပ်ငန်းတွေနဲ့ နိုင်ငံတွင်း ဝင်ရောက်ခွင့်တွေကိုတော့ လာမယ့် နိုဝင်ဘာလမှာ ပြန်လည်စတင်နေဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံမှုတွေ ကိုလည်း အားစိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေး ရှားနိုင်ငံတွေပြီးရင် ထိုင်းနိုင်ငံကတော့ ကူးစက်မှုအမြင့်ဆုံးအမှတ်စဉ် ၄ နေရာမှာ ရှိနေပါ တယ်။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၂၃၉ ဒသမ ၄၈ သန်း ကျော်၊ သေဆုံးသူ ၄ ဒသမ ၈၈ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာ သူပေါင်း ၂၁၆ ဒသမ ၈၅ သန်းကျော် ရှိပါတယ်။

More News
Up