မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြီးကံကျေးရွာအုပ်စု၊ ကြီးကံကျေးရွာအနီးက အကြမ်းဖက်စစ်ကောင်စီနဲ့ စီးပွားရေး ဖက်စပ်လုပ်ကိုင်တဲ့ မိုင်တဲလ်တိုင် အောက်တိုဘာ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “ဗုံးကွဲသံကြားလိုက်တယ်။ ပြီးတော့ မိုင်တဲလ်လိုင်းတွေပြတ်ကုန်တယ်။ ဟိုတလောလေးကလည်း မိုင်တဲလ်ဝန်ထမ်းကလေး ၁ ယောက်မိုင်းထိထားတာဆိုတော့ မသွားရဲဘူးလေ” လို့ ပြောပါတယ်။
အဆိုပါ မိုင်တဲလ်တာဝါတိုင် မိုင်းခွဲတိုက်ခိုက်မှုကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO-PDF) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်သမျှတွေကို အပြတ်ချေမှုန်းသွားမယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက အတည်ပြုပြောပါတယ်။
ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO-PDF) က အကြမ်းဖက်စစ်အုပ်စုနဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ မိုင်တဲလ်တာဝါတိုင် ၂၅ တိုင်နီးပါးဖျက်စီးခဲ့ပြီး နိုင်ငံနဲ့အဝှမ်းက မိုင်တဲလ်တာဝါတိုင်ပေါင်း ၁၅၀ နီးပါး ဖျက်ဆီးခံရပြီးဖြစ်ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။