ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာက မော်လမြိုင်-ရန်ကုန်ကားလမ်းမပေါ်မှာ အောက်တိုဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ပေါက်ကွဲအသံကြားရပေမယ့် ထိခိုက်ဒဏ်ရာရတာ အသေးစိတ်ကို မသိရဘူးလို့ မုပ္ပလင်ကျေးရွာ ဒေသခံတွေက ဆိုပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို သူတို့အဖွဲ့က လုပ်ဆောင်တာလို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က စစ်သား ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က ဆိုပါတယ်။

စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့  ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကျိုက်ထို KRF ကတော့  စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ပါးစေတွေ၊ သတင်းပေးဒလန်တွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုထားပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရဲတပ်ကြပ်ကျော်စိုးမိုးကို သုတ်သတ်ထားသလို စစ်ကောင်စီကို သတင်းပေးနေတဲ့ မွန်ပြည်နယ် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဥက္ကဋ္ဌ ဦရန်ရှင်းကို ပစ်သတ်ထားခဲ့ရပါတယ်။

More News
Up