စစ်ကြောရေးတွင် နှိပ်စက်သတ်ဖြတ်ခံရသူအပါအဝင် အပြစ်မဲ့ကျဆုံး ပြည်သူ ၁၁၆၇ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၆၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၈၉၀ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၂၁၉ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၄၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့မှာ အောက်တိုဘာ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)အဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံခဲ့ရသူ အသက် ၂၅ နှစ် အရွယ် ကိုဇော်မျိုးထွန်း(ခ)ပေါက်စီဟာ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ ကြောင့် အဲဒီနေ့ည ၈ နာရီဝန်းကျင်မှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ကိုဇော်မျိုး ထွန်း(ခ) ပေါက်စီဟာ ထီးချိုင့်မြို့နယ်၊ အင်းတိန်ကျေးရွာမှာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသူ ဖြစ်ကြောင်း သိရှိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ ညပိုင်းကတော့ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကင်း ကျေးရွာက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို အကြမ်းဖက်စစ်အုပ်စုတပ်သား ၂၀ ကျော်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းတာဝန်ခံဆရာတော် ဦးပညာဝံသကို လူဝတ်လဲ ကာ ဖမ်းဆီးသွားခဲ့တဲ့အပြင် ကျောင်းမှာရှိနေတဲ့ ဆရာတော်ရဲ့ တပည့် အမျိုးသား ၂ ယောက်ကိုလည်း ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up