တော်လှန်ရေးအရှိန်မြှင့်ပြီးနောက် အခြေအနေကို စောင့်ကြည့်နေဟု အန်စီအေ အပစ်ရပ်အဖွဲ့များပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ တော်လှန်ရေးအရှိန်မြှင့်ပြီးနောက်ပိုင်း ဖြစ်လာတာတွေကို အနီးကပ် သတိထားစောင့်ကြည့်နေပြီး ထိုက်သင့်တာတွေကိုလုပ်နေတယ်လို့ အန်စီအေ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အောက်တိုဘာ ၁၂ ရက်  ဒီနေ့ အစည်းအဝေးမှာ ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးထားတဲ့ တိုင်ရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ(NCA- S EAO)ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ ဒီနေ့ အစည်းအဝေးမှာ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောတာပါ။

“အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တော်လှန်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်တဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေများကိုလည်း မိမိတို့ PPST အနေနဲ့ အနီးကပ်သတိထားစောင့်ကြည့်နေပါတယ်။ ထိုက်သင့်တဲ့ ဆောင်ရွက်မှုတွေလည်း လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

တပ်မတော်က ထုတ်ပြန်တဲ့ ၅ လအပစ်ရပ်တာနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၃ ရပ်နဲ့ပတ်သက်ပြီးလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့  ပူးပေါင်ဆောင်ရွက်ဖို့ နည်းလမ်းရှာနေတယ်လို့လည်း ဆိုပါတယ်။

“လက်ရှိပြည်တွင်းနိုင်ငံရေး အကျပ်အတည်းဖြေရှင်းရေး ကြိုးပမ်းနည်းလမ်းရှာနေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းရှာညှိနှိုင်နေသလို တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက်  အန်စီအေစာချုပ် အသိသက်သေနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့လည်း ကြိုးပမ်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဒီဆွေးနွေးပွဲတွေအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်” လို့ PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောပါတယ်။

PPST ရဲ့ အစည်းအဝေးကို မနက်ဖြန် ဆက်လက်ကျင်းပမှာဖြစ်ပြီး ပြီးခဲ့တဲ့အစည်းအဝေးမှာတော့ တိုင်းပြည်ရဲ့အာဏာကို အရပ်သားကိုယ်စားလှယ်တွေ အုပ်ချုပ်မှုနဲ့ ဒီမိုကရေစီမူဘောင်ထဲကို အမြန်ပြန်ပြီး လွှဲပြောင်းနိုင်ရေး ဝိုင်းဝန်းအဖြေရှာကြဖို့ အပါအဝင် နိုင်ငံရေး ရည်မှန်းချက် ၇ ရပ်ကိုချမှတ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က စက်တင်ဘာ ၇ ရက်နေ့မှာ  ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံဒေသအနှံ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ ပိုမိုပြင်းထန်ဖြစ်ပွားနေပါတယ်။

More News
Up