မကွေးတိုင်း၊ ပခုက္ကူမြို့က အမှတ် ၁၅ ရပ်ကွက်၊ ၈ လမ်းမှာ နေထိုင်တဲ့ ရဲဝန်ထမ်း ၁ ဦးရဲ့နေအိမ်မှာ အောက်တိုဘာ ၁၀ ရက် ည ၇ နာရီ ဝန်းကျင်က ဗုံး ၁ လုံးပေါက်ကွဲလို့ ရဲမိသားစုဝင် ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက ''ဗုံးကွဲသံအကျယ်ကြီးကြားလိုက်တော့ ရဲအိမ်ဗုံးကွဲတာတဲ့။ သူ့အိမ်နဲ့ ပတ်ဝန်းကျင်က ကင်းကင်းနေကြတာ မိသားစုဝင် ၂ ယောက်တော့ ဗုံးဆံထိတယ်ကြားတယ်။ သေသံတော့မကြားဘူး'' လို့ ပြောပြပါတယ်။
ပခုက္ကူမြို့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂ ရက်အတွင်း စစ်ကောင်စီရဲ့ ပစ်မှတ် ၃ နေရာကို တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) တာဝန်ရှိသူ တဦးက ပြောပါတယ်။
အမှတ် ၁၁ ရပ်ကွက်၊ ၆ လမ်းနဲ့ ရွှေလမ်းထောင့်က ပျူစောထီး ဦးတူးရဲ့နေအိမ်နဲ့ အမှတ် ၁၅ ရပ်ကွက်၊ ၈ လမ်းက ရဲတပ်ဖွဲ့ဝင်ရဲ့အိမ်ကို အောက်တိုဘာ ၁၀ ရက်က ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၁၁ ဒီနေ့လယ် ၁ နာရီလောက်မှာတော့ ပခုက္ကူမြို့၊ ညောင်လှဈေးနားက မိုင်တဲတာဝါတိုင်ကို ဗုံးခွဲခဲ့တယ်လို့ သိရပါတယ်။
မကြာသေခင်ရက်ပိုင်းကလည်း စစ်ကောင်စီရဲ့ လူကြီးလမ်းကြောင်းခရီးစဉ်အတွင်း ပခုက္ကူမြို့ပတ်လမ်းပေါ်မှာ ဗုံး ၁ လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ သိရပါတယ်။