မိုင်းအလုံး ၅၀၀ စီမံကိန်းဖြင့် စစ်အုပ်စုကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု PRA ကြေညာ

မိုင်းအလုံး ၅၀၀ စီမံကိန်းအဖြစ်  ရဲစခန်းတွေ၊ စစ်တပ်တွေ၊ စစ်ကောင်စီရုံးစိုက်ရာ နေရာတွေကို ပစ်မှတ်ထားပြီး အောက်တိုဘာ ၁၀ ရက် ဒီကနေ့  စတင်တိုက်ခိုက်မယ်လို့ ပြည်သူ့တော်လှန်ရေး တပ်မတော် People Revolution Army (PRA) က ကြေညာပါတယ်။

PRA တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဂျပန်ကြီးက “ကျနော်တို့ကတော့ မိုင်းကို ပိုပြီးအားကိုးရတယ်။ နောက်ပြီး စစ်ကောင်စီဘက်ကလည်း ထိုးစစ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်တာတွေလည်း ရှိတယ်ဗျ။ ဒါကြောင့် ဒီစီမံကိန်းကို အမြန်ဆုံး အကောင်ထည်ဖော်ရတာပါ။ ကျနော်တို့ကတော့ ဒီမိုင်းတွေကို နင်းမိုင်းတွေ၊ ဆွဲမိုင်းတွေ၊ တိုက်မိုင်းတွေအဖြစ် အသုံးပြုသွားမယ်ဗျ။ နည်းပညာတွေကတော့ မြင့်လာတယ်။ မိုင်းထိန်းချုပ်ဖို့ ရီမု မိုင်းပါ ကျနော်တို့လုပ်တာ အောင်မြင်တယ်ဗျ။ နောက် ဒုံးပျံယာဉ် တိုက်ခိုက်တဲ့ နည်းပညာပါ အောင်မြင်တယ်ဗျ။ ဒုံးနဲ့လုပ်တဲ့ မိုင်းတွေကတော့ ရဲစခန်းတွေ၊ စစ်ကောင်စီ ရုံးစိုက်ရာ နေရာတွေကို အဓိကတိုက်ခိုက်သွားမယ်။” လို့ အတည်ပြု ပြောပါတယ်။

ပြည်သူလူထုတွေအနေနဲ့  ရဲစခန်းတွေ၊ စစ်ကောင်စီရုံးစိုက်ရာနေရာတွေအနီးမသွားကြဖို့နဲ့   အဓိကတော့   မုံရွာ၊ ပုလဲ၊ ဂန့်ဂေါလမ်းမကြီးကို  မသွားကြဖို့လည်း People Revolution Army (PRA) က သတိပေးထားပါတယ်။ 

စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေအကြား အခု အောက်တိုဘာလမှာလည်း နှစ်ဘက် တိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံဒေသတချို့မှာ အောက်တိုဘာ ၈ ရက်က စစ်အုပ်စုရဲ့ ပစ်မှတ် ၂၉ ခုကို ဒေသခံ PDF တပ်တွေနဲ့ တိုင်းရင်းသားတပ်တွေက  တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၅၀ နီးပါး သေဆုံးသွားတယ်လို့ NUG ထုတ်ပြန်တဲ့  ပြည်သူ့ခုခံစစ် အချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်တွေကလည်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ကျေးရွာတွေမှာ ဝင်ရောက်ပြီး  နေအိမ်တွေကိုမီးရှို့ဖျက်ဆီး ၊ ရွာသားတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ နေ့စဉ်လုပ်ဆောင်နေတဲ့အတွက်  ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ဦးရေကလည်း နေ့စဉ်တိုးပွားနေပါတယ်။

More News
Up