Home
မြန်မာသတင်း
သာကေတနှင့် ဒေါပုံတွင် နေရာအနှံ့ ဗုံးများ ပေါက်ကွဲ
DVB
·
October 10, 2021

ရန်ကုန်၊ သာကေတမြို့နယ်နဲ့ ဒေါပုံမြို့နယ်အတွင်း အောက်တိုဘာ ၁၀ ရက်နေ့က နေရာအနှံ့  အနည်းဆုံး ဗုံး  ၅ ကြိမ် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သာကေတနဲ့ ဒေါပုံမြို့နယ်အတွင်း နယ်မြေရုံးအနီး ၁ ကြိမ်၊ ရေတပ်ဝင်းအနီး ၂ ကြိမ်၊ ဗမာအေး ရပ်ကွက်ရုံးမှာ  ၁ ကြိမ်၊ ၁၀၈ တောင်စေတီ မြောက်ဘက်မုခ်ဦး ကားဂိတ်အနီး ၁ ကြိမ်၊ စုစုပေါင်း ဗုံးပေါက်ကွဲမှု ၅ ကြိမ် ဖြစ်ပွားခဲ့တာပါ။

သာကေတမြို့နယ် နယ်မြေရုံးအနီး ဒီနေ့မနက် ၅ နာရီ ၉  မိနစ်က ဗုံးတစ်လုံး စတင်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် ၄ တောင်ရပ်ကွက် ရေတပ်ဝင်းအနီး မနက် ၈ နာရီ မိနစ် ၅၀ ဝန်းကျင်မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်တွေ လမ်းပိတ်စစ်ဆေးနေတဲ့အချိန် ဒုတိယဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ပါတယ်။

အဆိုပါပေါက်ကွဲမှုတွေကြောင့်  စစ်ကောင်စီတပ်သားချို့ အထိအခိုက်ရှိခဲ့ကြောင်း ဒေသခံ အလွတ်သတင်းထောက်များအဖွဲ့   FJ-AMM က အတည်ပြုထားပါတယ်။

သာကေတ ရှုခင်းသာလမ်းမပေါ် ရှိ ရေတပ်စခန်းရှေ့မှာ ဒီမနက် ၈ နာရီလောက်က ဗုံးဖေါက်ခွဲမှုကြောင့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ဒါဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ကလည်း (B.F.R.A.F)ထုတ်ပြန်ထားပါတယ်။

ဒီမနက် ၁၀ နာရီလောက်မှာတော့ ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖွင့်ပွဲမစခင်  ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ‌တော့ သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ၁၀၈ တောင်စေတီတော်မြတ်ကြီး မြောက်ဘက်မုခ်အနီးရှိ ကားဂိတ်မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး  အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

၁၀ တောင်ရပ်ကွက်၊ ဇေယျဝတီ ၂ လမ်းမှာ နေထိုင်တဲ့ ဒေါ်သန်းသန်းဝင်း ဟာ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသွားကာ အသက်သေဆုံးခြင်းမရှိဘဲ သွေးထွက်လွန်နေတယ်လို့ သတင်းထွက်နေသလို ဒေသခံသတင်းရင်းမြစ်တစ်ခုမှာ‌တော့ အဆိုပါဒဏ်ရာရအမျိုးသမီး သေဆုံးသွားပြီလို့ ဖော်ပြထားပေမဲ့  အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024