အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂၀ ကျော် သေဆုံ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆော-ကျောက်ထု လမ်းပိုင်းကနေ စစ်ကောင်စီတပ်သား ၁၅၀ ကျော်ပါတဲ့ စစ်ကြောင်းနှစ်ကြောင်းကို အောက်တိုဘာ ၉ ရက် မနက် ၅ နာရီဝန်းကျင်က YDF (ဆော-ကျောက်ထု) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လိုက်တယ်လို့ သိရပါတယ်။

“မိုင်းအကြီး ၂ လုံး၊ ပဒေသာမိုင်း အလုံး ၄၀ နဲ့ လက်နက်ကြီး ၇ ချက် ခုခံပစ်ခတ်တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီဘက်က တပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်” လို့ YDF (ဆော-ကျောက်ထု) ရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံက အတည်ပြု ပြောပါတယ်။

YDF (ဆော-ကျောက်ထု) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ မနေ့က အောက်တိုဘာလ ၉ ရက် မနက် ၅ နာရီခန့်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီမှာ ပြီးဆုံးခဲ့ကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

More News
Up