ရုရှားတွင် အရက်အဆိပ်သင့်သူ ၂၉ ဦး သေဆုံး

ရုရှားနိုင်ငံအတွင်း ကာဇက်စတန်နိုင်ငံနဲ့ နယ်စပ်နားက ဒေသမှာ ဒီသီတင်းပတ်ထဲ အရက် အဆိပ်သင့်လို့ လူ ၂၉ ဦး သေဆုံးခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက အောက်တိုဘာ ၉ ရက်မှာ ပြောပါတယ်။
မက်သနောတွေပါတဲ့ အရက်ပြန်နဲ့ ဒေသတွင်းမှာ ချက်လုပ်ထားတဲ့ အရက်ကို သောက်အပြီး သေကုန်တာလို့ ပြောပါတယ်။
မြို့တော် မော်စကိုရဲ့ အရှေ့တောင်ဘက် မိုင် ၉၀၀ အဝေးမှာ ရှိတဲ့ အိုရန်ဘာ့ဂ်ဒေသမှာ လူ ၉ ယောက်ကို ဖမ်းဆီးထားပြီးပြီလို့ တရားမဝင် အရက်ပြန်တွေကို ထုတ်လုပ်ရောင်းချမှု စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ဒေသတွင်းက စတိုးဆိုင်တွေနဲ့ ကုန်လှောင်ရုံတွေကနေ အရက်ပါတဲ့ အရည်တွေကို သိမ်းဆည်းပြီး သူတို့ထဲက အများစုမှာ အဆိပ်သင့် မက်သနောတွေ ပါနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီသီတင်းပတ်ထဲမှာ အရက်အဆိပ်သင့်သူ ၅၄ ယောက်ကို မှတ်တမ်းတင်ထားပြီး သူတို့ထဲက တဝက်လောက် သေဆုံးခဲ့တယ်လို့ ဒေသန္တရကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၀ ရက်မှာ ပြောခဲ့တဲ့အကြောင်း ရုရှားအခြေစိုက် RIA သတင်းမှာ ဖော်ပြပါတယ်။
ဆိုက်ဘေးရီးယားမှာ ၂၀၁၆ တုန်းကလည်း လူတွေ အစုလိုက် အရက်အဆိပ်သင့်ခဲ့ဖူးလို့ အာဏာပိုင်တွေက အရက်၊ ဆေးဝါးနဲ့ ရေမွှေးအပြင် အီသနော ပါဝင်မှု ရာခိုင်နှုန်းများတဲ့ အရည်တွေ ထုတ်လုပ်ရောင်းချမှုကို ပိုတင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့ရပါတယ်။