
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း ၁ ရပ်ကွက်၊ မကွေးလမ်းပေါ်မှာရှိတဲ့ ဆန်းနီအောင်-ဆန်စက်ပိုင်ရှင် ဦးအေးကို ကို အောက်တိုဘာ ၉ ရက်ည ၇ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မိသားစုနဲ့ နီးစပ်သူတဦးက ''ဘာကြောင့်ဖမ်းတာလည်း မသိဘူး။ အိမ်က ဖုန်းတွေလည်း အကုန်သိမ်းသွားတယ်။ မျက်နှာကိုလည်း အဝတ်စည်းပြီး ခေါ်သွားတယ်။ ဘယ်ကို ဖမ်းသွားတာ လည်း မသိဘူး'' လို့ပြောပါတယ်။
အသက် ၅၀ လောက်အရွယ်ရှိတဲ့ ဦးအေးကိုမှာ ဆီးချို၊ သွေးချိုရောဂါရှိတာကြောင့် အကြမ်းဖက်စစ်ကောင်စီက နှိပ်စက်ညှဉ်းပန်းမှာကို မိသားစုတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
တောင်တွင်းကြီးမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ ၂၀၀ နီးပါးရှိနေပြီး ဖမ်းဆီးခံရသူ ၁၀၀ နီးပါးဟာ ရာသတ်ကြီး ပုဒ်မ ၅၀၅(က) အပါအဝင် တခြားပုဒ်မတွေနဲ့ မတရား ဖမ်းဆီးထားပြီး အမှုရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောင်တွင်းကြီးမြို့ကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၁၄ ရက်ကစတင်ပြီး အင်တာနက်ဖြတ် တောက်ထားပါတယ်။