
အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်ရဲ့ ကိုယ်ရေးအရာရှိနဲ့ ယာဥ်မောင်းတို့ဟာ ဟားခါးအခြေစိုက် စစ်ကောင်စီတပ်ကနေ ထွက်ပြေးလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခု ထွက်ပြေးလာသူတွေ အဆိုအရ နမခ စစ်ဌာနချုပ်ထဲမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဇနီးသည်တွေ၊ မိသားစု၀င်တွေကို လက်နက်တွေ တပ်ဆင်ပေးထားပြီး တပ်တွင်းရှိ အရာရှိ အရာခံ အကြပ်စစ်သည်တွေအကြား အမိန့်မနာခံမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အချင်းချင်း ယုံကြည်မှုတွေ ကျဆင်းနေကြောင်းလည်း ချင်းလူ့အခွင့်အရေးအဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခမှာ တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ကို နေအိမ် အကျယ်ချုပ်ချထားကြောင်း ကြားသိရသလို စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့လည်း သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
နမခ တိုင်းမှူး အပြောင်းအလဲလုပ်ထားသလို စစ်ဆင်ရေးအထူးအဖွဲ့မှူး နှစ်ယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်တို့က လာရောက်ကွပ်ကဲနေ တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်း၊ ချင်း၊ မကွေး(ယောဒေသ) တွေကို ‘ဧရာဝတီစစ်ဆင်ရေး’ အမည်နဲ့ ထိုးစစ်ဆင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ သိရပါတယ်။