စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စက်မှုဇုန်အဝင်လမ်းမှာ စစ်ကောင်စီတပ်က စစ်ကား ၄ စီး ပါယာဉ်တန်း အောက်တိုဘာ ၉ ရက် ည ၉ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကား ၂ စီး မီးလောင်ပြီး စစ်သားတချို့ ဒဏ်ရာရတယ်လို့ အနီးပတ်ဝန်းကျင်ပြည်သူတချို့က ပြောပါတယ်။
“စစ်ကား ၄ စီးအနက် ၂ စီးက မိုင်းထိမှန်ပြီး အောက်ပိုင်း မီးလောင်ပျက်စီးခဲ့တယ်။ စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း ဒဏ်ရာရပြီး အိမ်စီးကား အဖြူရောင်နဲ့ လာရောက် ခေါ်ဆောင်သွားတယ်” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
စစ်ကား ၄ စီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာဟာ PDF-South Monywa နဲ့ Monywa Heroes Group, Monywa Nightking တို့ ပူးပေါင်းပြီး တိုက်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၉ ရက်နေ့ တရက်တည်း မုံရွာမြို့မှာ မိုင်းခွဲတိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ မနေ့ မနက် ၉ နာရီလောက်က ရဲကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရသလို မုံရွာမြို့ ဆည်မြောင်းဝင်းထဲကိုလည်း အောက်တိုဘာ ၈ ရက် ညပိုင်းက ဗုံးပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။