တပ်မတော်သားများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ဆောင်ရွက်ပေးရန် စစ်ခေါင်းဆောင်ပြော





တပ်မတော်သားတွေရဲ့ စားသောက်နေထိုင်မှုကအစ လူနေမှု အဆင့်အတန်းကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ရမှာဖြစ်ပြီး ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေနဲ့ တခြားလိုအပ်ချက်တွေကို တတ်စွမ်းသရွေ့ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အောက်တိုဘာ ၈ ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ် ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း(တညင်းကုန်း) သို့သွားရောက်ပြီး ဥစားကြက်များမွေးမြူရေးနဲ့ ငါးမွေးမြူရေးလုပ်ငန်းတွေ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောဆိုခဲ့တာပါ။
တိုးတက်နေတဲ့ စိုက်ပျိုးမွေးမြူရေးနည်းစနစ်တွေကို မျက်ခြည်မပြတ်လေ့လာ သုတေသနပြု ဆောင်ရွက်သွားဖို့နဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အောင်မြင်အောင် ဆောင်ရွက်ပြီး တပ်မတော်သားတွေ၊ မိသားစုဝင်တွေရဲ့ သက်သာချောင်ချိရေးကို ဖြည့်ဆည်းပေးနိုင်ရမယ်လို့ လည်း ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက်လည်း ပိုလျှံတဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဥနှင့် နို့တွေကို ဒေသခံတွေကို ရောင်းချပေးဖို့လည်း တိုက်တွန်းသွားပါတယ်။
စစ်ခေါင်းဆောင်ဟာ မနေ့က ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသမီး သင်တန်းသား ဗိုလ်လောင်းတွေနဲ့အတူ နေ့လယ်စာစားခဲ့တယ်လို့လည်း စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
Photo-DSINFO