မိုးကုတ်တွင် အပြန်လှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ လယ်ဦးရပ်ကွက်ရှိ  အ.မ.က ၂၃ ကျောင်းအနီးမှာ အောက်တိုဘာ ၈ ရက်က လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ဘက်က အရာရှိ ၁ ဦးနဲ့ တပ်သား ၂ ဦး သေဆုံးပြီး တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

“စစ်သားတွေက အရပ်ကားနဲ့ လာတာကို လက်နက်ကိုင်အဖွဲ့တစ်ခုက လှမ်းပစ်တာ၊ ကားကလည်း စစ်ကားမဟုတ်ဘူး၊ အရပ်ကားနဲ့ လာတာ။ ကားပေါ်မှာပါတဲ့ ၄ ယောက် ထိတယ်။ အရာရှိ ၁ ဦးနဲ့ တပ်သား ၂ ဦး ကျတယ်၊ ၁ ဦး ဒဏ်ရာရတယ်” လို့ဒေသခံတစ်ဦးက ဆိုပါတယ်။ 

မြို့တွင်းထဲမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက ကြိုတင်သတင်းရထားတာကြောင့် တက်လာတဲ့ကားကို လှမ်းပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

“သေနတ်က အချက် ၂၀ လောက် အပြန်အလှန်ပစ်တယ်၊ ပစ်ခတ်သံတွေ ကြားရတယ်၊ ထွက် မကြည့်ရဲကြဘူး။ အဲဒီနားရောက်နေသူတွေလဲ ပြန်ပြေးကြတာ” လို့ အနီးအနားနေ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်မှာတော့ မိုးကုတ်မြို့ထဲကို ကျည်ပေါက်ရာတွေနဲ့ ကားတစ်စီး အရှိန်မြင့်မောင်းလာတာကို တွေ့လို​က်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး ညနေပိုင်းမှာတော့ ဖြစ်ပွားရာနေရာကို စစ်အုပ်စုတွေက အင်အားထပ်မံ လာရောက်တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။ 

မိုးကုတ်မြို့မှာ အောက်တိုဘာ ၇ ရက် ညပိုင်းကလည်း ကြံ့ခိုင်ရေးပါတီဝင် စာရေးမ တစ်ယောက်ရဲ့ နေအိမ်အနီးနဲ့ Music Zone Ktv အနီးတို့မှာ​ ဗုံးပေါက်ကွဲခဲ့ပြီး KTV က ခေါင်မိုးပွင့်သွားခဲ့ပါတယ်။

More News
Up