
ရေစကြိုမြို့နယ် ရေလယ်ကျွန်းကျေးရွာဖြစ်တဲ့ မင်းရွာကျေးရွာက မြို့ပေါ်တက် ဈေးဝယ်တဲ့ အမျိုးသား ၈ ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းစီးပြီး ဈေးဝယ်လာတဲ့ ပစ္စည်းတွေယူပြီး ပြန်လွတ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၈ ရက်နေ့ နေ့လယ်ပိုင်းက ဦးသိန်းကြည် ဆီဆိုင်နဲ့ ဒေါ်အေးတင့်ဆန်ဆိုင်ရှေ့မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ၈ ဦးမှာ ၆ ဦးရိုက်နှက်ခံရကာ လူငယ် နှစ်ယောက်ကတော့ အပြင်းအထန် ရိုက်နှက်ခံခဲ့ရတယ်လို့ ဖမ်းဆီးခံရသူတစ်ဦးက ပြောပါတယ်။
“အမျိုးသားက ၈ ယောက်လောက်ပါတယ်၊ ၆ ယောက်ကတော့ အတော်အရိုက်ခံရတယ်။ ၂ ယောက်အရိုက်ခံရတာတော့ တော်တော်နာတယ်။ မင်းရွာက တစ်ယောက်ကို အဓိက ဖမ်းတာဗျ၊ သူလွတ်သွားလို့ ကျန်တဲ့သူတွေတော်သေးတယ်လို့ ပြောရမှာ။”
အမျိုးသမီးတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တာမလုပ်ဘဲ အမျိုးသားတွေကိုသာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရမှုမှာ နာမည်နဲ့ လိုက်ရှာပြီးဖမ်းတာဖြစ်တာကြောင့် ဒလန်သတင်းပေးမှုကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတချို့ကဆိုပါတယ်။
ဆန်အပြည့်တင်ဆောင်လာတဲ့ ထော်လာဂျီကားတွေကိုလည်း စစ်ကောင်စီတပ်က မောင်းနှင်လာသူတွေကို သေနတ်နဲ့ချိန်ပြီး လုယူသွားခဲ့ပြီး ဖမ်းဆီးထားသူတွေကိုတော့ ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ရေလယ်ကျွန်းက မင်းရွာဘက်က ထော်လာဂျီသမားတွေကို ဖမ်းလိုက်တာပါရှင့်။ အမျိုးသမီးတွေကိုတော့ လွှတ်ပေးတယ်၊ ခု ညနေကျမှ အမျိုးသားတွေကို လွတ်ပေးတယ်ရှင့်။ အခုချိန်မှာ ဈေးမသွားဖို့ ခရီးသွားပြည်သူတွေကို သတိပေးချင်တာပါ”လို့ ပြောပါတယ်။
ရေစကြို ရေလယ်ကျွန်းကျေးရွာတွေကို စစ်ကောင်စီတပ်က နေ့စဉ် ဝင်ရောက်ရှာဖွေမှုတွေနဲ့ ကျေးရွာတွင်းဒေသတွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေကို နေ့စဉ်လာရောက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
ရေလယ်ကျွန်းကျေးရွာတွေကို ထိုးစစ်ဆင်ဖို့ ချီတက်လာတဲ့ စစ်ကောင်စီကားတန်း ဗုံးပေါက်တာကြောင့် ဒီလအတွင်း နှစ်ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ဖူးပါတယ်။