မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်က စစ်ကောင်စီ သတင်းပေး ရာအိမ်မှူးတစ်ဦး အောက်တိုဘာ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
စစ်ကောင်စီ သတင်းပေး ရာအိမ်မှူး ဦးလှဝင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သူရဲ့ နေအိမ်အနီးမှာ ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။
ဦးလှဝင်းဟာ သေနတ်ပစ်ခတ်ခံရပြီးနောက် ဒဏ်ရာ ၃ ချက်ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ သတင်းပေး ရာအိမ်မှူး ဦးလှဝင်းကို သုတ်သင်တာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးက ထုတ်ပြန်ပါတယ်။
ဦးလှဝင်းဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး သတင်းပေး ဒလန် လုပ်ဆောင်လာတဲ့ ပြစ်မှုကျူးလွန်လာတာ များလာတဲ့အတွက်ကြောင့် သုတ်သင်ရတာလို့ ဆိုထားပါတယ်။
စစ်ကောင်စီ သတင်းပေး ရာအိမ်မှူး သေဆုံးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မော်လမြိုင်မြို့ဝင်မြို့ထွက် ဂိတ်တွေမှာ ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဒီနေ့အချိန်ထိ စစ်ကောင်စီခန့် အုပ်ချုုပ်ရေးမှူး အပါအဝင် ရာအိမ်မှူး ၁၀ ဦးထက်မနည်း ပစ်သတ်ခံထားရပါတယ်။