
ကျွန်တော်တို့ရဲ့ စည်းလုံးမှုအကြောင်းကို စဉ်းစားမိတယ်။ ကျွန်တော်တို့ တော်လှန်ရေးဟာ စည်းလုံးမှုရှိရဲ့လားပေါ့။ သေချာတဲ့ အဖြေတစ်ခုကတော့ ကျွန်တော်တို့ တော်လှန်ရေးကို အစကတည်းက စည်းလုံးဖို့ ကြိုးစားခဲ့သလို အခုထိလည်း စည်းလုံးမှု အနေအထားတစ်ခု ရှိနေတုန်းပဲလို့ အသေအချာ တွေးမိတယ်။ ပိုတောင်အားကောင်းလာနေတယ်လို့ဆိုရမှာပါ။ သို့သော်လည်း ဒီစည်းလုံးမှုကို ပြိုကွဲစေနိုင်တဲ့ အချက်တွေတော့ အမြဲရှိနေတာကို သတိထားရမှာဖြစ်တယ်။ ဒါနဲ့ဆက်စပ်ပြီးတော့လည်းငယ်ငယ်က ပုံပြင်လေးတစ်ပုဒ်ကို သတိရမိတယ်။ အားလုံးလည်း ကြားဖူးနားဝ ရှိပြီးသားပုံပြင်လေးပါ။
တစ်နေ့မှာ အသက်ကြီးနေပြီဖြစ်တဲ့ သားလေးယောက်ရဲ့ ဖခင်တစ်ဦးဟာ နေမကောင်း ဖြစ်ပြီး အိပ်ယာထဲလှဲနေတယ်။ သို့သော် သူ့သားလေးယောက်ရဲ့နောင်ရေးကို စိုးရိမ်နေရသေးတယ်။ သူမသေခင်သားလေးယောက်ကို ပညာပေးသွားချင်နေတယ်။ ဒါကြောင့် တစ်နေ့မှာတော့ သားလေး ယောက်ကို သူအနားကို ခေါ်ပါတယ်။ ထင်းစည်းလေးတစ်ခု ယူလာခိုင်း ပါတယ်။ ပြီးတော့ သားတစ်ယောက်ချင်းကနေ ထင်စည်းကို ချိုးခိုင်းပါတယ်။
ပထမဆုံးအနေနဲ့ အကြီးဆုံးသားက ထင်းစည်းကို ချိုးဖို့ကြိုးစားပါတယ်။ ထင်းစည်းက ဘာမှ ဖြစ်မသွားပါဘူး။ နောက် ဒုတိယသားကို ချိုးခိုင်းပါတယ်။ ဒုတိယသားကလည်း ကြိုးစားပြီး ထင်းစည်းကို ချိုးပါတယ်။ သို့သော် လက်လျော့လိုက်ရတယ်။ ထင်းစည်းက မကျိုးပါဘူး။ တတိယသားကို ချိုးခိုင်းသော်လည်း ထိုနည်းလည်းကောင်းပါပဲ။ ထင်းစည်းက ဘာမှဖြစ်မသွား ပါဘူး။ နောက်ဆုံးသား ညီအငယ်ဆုံးကတော့ သူ့အစ်ကိုကြီးတွေလုပ်သွားတာကို ကြည့်ပြီးတော့ စဉ်းစားပါတယ်။ အဲဒါနဲ့ ထင်းစည်းကို ဘယ်လိုချိုးရမလဲဆိုတာသိလာပါတယ်။ အဲဒါနဲ့ ထင်းစည်းကို ဖြည်ပြီး တစ်ချောင်းချင်း ချိုးပါတော့တယ်။ အဲတော့မှ အဖေဖြစ်သူက ပြုံးပါတော့တယ်။ ထင်းစည်း ဘာဖြစ်သွားသလဲလို့လည်း မေးပါတယ်။ ပြီးတော့ဆက်ပြောပါတယ်။
“သားတို့… ထင်းစည်းဟာ အစည်းပြေပြီးတစ်ချောင်းချင်း ဖြစ်နေရင် ချိုးဖို့လွယ်တာကို တွေ့တယ်မဟုတ်လား။ ဒါပေမယ့် ဒီထင်းတွေ တစ်စုတစ်စည်းတည်းဖြစ်နေတဲ့ အချိန်မှာ သားတို့ထဲက ဘယ်သူမှ မချိုးနိုင်ကြဘူး” ဆိုပြီးပြောလိုက်ပါတယ်။
ဒီပုံပြင်လေးကတော့ စည်းလုံးခြင်းသဘောနဲ့ အစည်းပြေတဲ့သဘော နှစ်ခုစလုံးရဲ့ အကျိုးသက်ရောက်မှုကို သိစေတာဖြစ်တယ်။ ဒါနဲ့ဆက်စပ်ပြီး နိုင်ငံရေးစည်းလုံးမှုဟာ ဘယ်အချိန် ဘယ်အနေအထားတွေမှာ ဖြစ်ပြီး ဘယ်အချိန်ဘယ်အနေအထားတွေမှာ ပြိုကွဲနိုင်သလဲ ဆိုတာဆက်စပ် တွေးမိတယ်။
နိုင်ငံရေးမှာတော့ (၁) ဘုံရန်သူတူနေတဲ့အချိန်မှာ စည်းလုံးတယ်။ (၂) ရန်သူက အားသာနေချိန်မှာ အားနည်းတဲ့ဘက်က အင်အားစုတွေစည်းလုံးတတ်ကြပါတယ်။ (၃) ရည်မှန်းချက်တွေ တူချိန်မှာ စည်းလုံးပါတယ်။ (၄) ခေါင်းဆောင်မှုကောင်းတဲ့အချိန်မှာ စည်းလုံးကြပါတယ်။ ဒါက ကျွန်တော်တွေးမိတဲ့ စည်းလုံးမှုကိုဖြစ်စေတဲ့ အချက်တွေပါ။ တခြားအချက်တွေလည်း ရှိမှာပါ။ ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးကို ဒီအချက်တွေနဲ့ သုံးသပ်ကြည့်ရင် အချက်အားလုံးနဲ့ ပြည့်နေသေးတယ် လို့ပြောရမှာပါ။
(၁) ကျွန်တော်တို့မှာ ဖက်ဆစ်အကြမ်းဖက်စစ်အာဏာရှင်ဆိုတဲ့ ဘုံရန်သူရှိ နေပါတယ်။ သူ့ကို တိုက်ဖိုအတွက် မတူတာတွေကိုဘေးဖယ်ပြီး ကျွန်တော်တို့ စည်းလုံးဖို့ကြိုးစားခဲ့လို့ အခုအချိန်အထိ စည်းလုံးမှု တစ်ခုရနေပါတယ်။
(၂) ကျွန်တော်တို့ရဲ့ ရန်သူ အကြမ်းဖက်စစ်တပ်ဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ တည်ဆောက်လာခဲ့တဲ့ စစ်တပ်၊ ငွေကြေးဓနအင်အားများစွာသာလွန်နေတဲ့ အကြမ်းဖက်စစ်တပ် ဖြစ်ပါတယ်။ သူထက်စစ်အင်အားလက်နက်အရ ကျွန်တော်တို့က အားနည်းနေသေးတယ်။ မပြည့်စုံတဲ့အတွက် အင်အားစုတွေအကြား အချင်းချင်းအထင်မှားစေနိုင်ပါတယ်။ ဒါကြောင့်လည်းပဲ ကွဲပြားနေတဲ့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဟာ အချင်းချင်းစုပေါင်းပြီး တော်လှန်တိုက်ထုတ်ဖို့ စည်းလုံးရေးကို ခိုင်မာသထက်ခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။ အနေအထားတစ်ခုအထိလည်း စည်းလုံးနေဆဲလို့မြင်ပါတယ်။ ကျွန်တော်တို့မှာ သာလွန်နေတာက အများအတွက် နိုင်ငံအတွက် စွန့်လွှတ်ရဲတဲ့ တော်လှန်ရေးစိတ်ဓာတ် ဖြစ်ပါတယ်။
(၃) ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ ရည်မှန်းချက်တွေက လွတ်လပ်ခွင့်၊ တရားမျှတမှု၊ သာတူညီမျှမှု၊ မခွဲခြားခြင်းနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့ ရည်မှန်းချက်တွေ တူကြတယ်။ ဒီအခွင့်အရေးတွေ၊ အနေအထားတွေပြည့်စုံဖို့အတွက် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကိုကျင့်သုံးဖို့လိုတယ်ဆိုတာ ဘုံလက်ခံကြတယ်။
(၄) လက်ရှိမြန်မာ့တော်လှန်ရေးအင်အားစုတွေမှာ ခေါင်းဆောင်မှုအပိုင်းတွေ ပိုပီပြင်လာပါပြီ။ ပြည်သူအများစုက ရွေးကောက်တင်မြှောက်ထားတဲ့ ဥပဒေပြုအဖွဲ့၊ နိုင်ငံ့အနာဂတ် လမ်းစဉ်မူဝါဒကို ချမှတ်ပေးမယ့် အများစုပါဝင်တဲ့အဖွဲ့နဲ့ သူတို့တွေနဲ့ဆက်စပ်ပြီး ဖြစ်လာတဲ့ ကြားကာလတော်လှန်ရေးအစိုးရလည်း ရှိနေပါပြီ။
ဆိုလိုတာကတော့ နိုင်ငံရေးစည်းလုံးမှုကို ခိုင်မာစေတဲ့ အချက်လေးခု ကျွန်တော်တို့မှာ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ဒါကတော့ စည်းလုံးမှုနဲ့ ဆိုင်တဲ့ အတွေးတွေပါ။ ဒါဆို စည်းလုံးမှုကို ပြိုကွဲစေနိုင်တဲ့ အချက်တွေလည်း တွေးထားဖို့လိုပါတယ်။
ကျွန်တော်တွေးမိတဲ့ စည်းလုံးမှုကိုပြိုကွဲစေနိုင်တဲ့ အဓိကအချက်တွေကတော့ (၁) ရန်သူရဲ့ သွေးထိုးမှု ကြောင့်ပြိုကွဲခြင်း (၂) အချင်းချင်််း မညီညွတ်နိုင်သောကြောင့် ပြိုကွဲခြင်း (၃) ခေါင်းဆောင်မှုကို အားနည်းစေခြင်းပဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ နှစ်ပေါင်းများစွာကတည်းက ပြိုင်ဘက်တွေကို သွေးခွဲပြီး အုပ်ချုပ်လာခဲ့တာဖြစ်တယ်။ Divide and Rule policy ကို အစဉ်အဆက်ကျင့်သုံးခဲ့တာဖြစ်တယ်။ ဘာသာရေးနဲ့ သွေးထိုးတယ်။ နိုင်ငံရေးနဲ့သွေးထိုးတယ်။ နည်းအမျိုးမျိုးနဲ့သွေးထိုးတယ်။
သွေးခွဲနိုင်ဖို့အတွက် အချက် နံပတ် ၂ ဖြစ်တဲ့ အချင်းချင်းမညီညွတ်အောင် ရန်သူဟာလုပ်လေ့ရှိတယ်။ အချင်းချင်းမညွတ်တဲ့အကျိုးသက်ရောက်မှုဟာ ကြီးမားပါတယ်။ အာဏာမက်သူကို အာဏာအကြောင်းကြောင့် မညီမညွတ်ဖြစ်စေတယ်။ ဓနဥစ္စာမက်သူကို ဓနဥစ္စာနဲ့ သွေးကွဲစေခဲ့တယ်။ စီးပွားရေးလုပ်ပိုင်ခွင့်တွေပေးတယ်။ သူကမကောင်းဘူး၊ ကိုယ်ကကောင်းတယ်၊ သူသာတယ် ကိုယ်နာတယ်နဲ့ သွေးခွဲစေနိုင်တယ်။ သေချာစီမံမှုမရှိတဲ့ အုပ်ချုပ်မှုအာဏာတွေ ပေးပြီး သွေးခွဲထားတယ်။ နောက်ပိုင်း သူတို့ဘက်ပါသူကို လိုအပ်ရင်ခေါ်သုံးနိုင်ဖို့ စီမံထားတယ်။ အခုဆိုရင် ကြမ်းဖက်အုပ်စုဟာ သူသွေးခွဲထားတဲ့ အင်အားစုတွေနဲ့ ပြည်သူ့ခုခံမှုကို ဖြိုခွဲဖို့ လုပ်နေပါပြီ။
နောက်ဆုံးအချက်ကတော့ ခေါင်းဆောင်မှုပိုင်းဖြစ်တယ်။ ရန်သူဟာ မိမိရဲ့ခေါင်းဆောင်မှုကို ပြိုကွဲအောင်လုပ်တာ၊ ပြိုကွဲစေတာလည်း စည်းလုံးမှုကိုပျက်ပြားစေတဲ့ နည်းလမ်းတစ်ခုပါပဲ။
ညီညွတ်နေတဲ့ အင်အားစုတစ်ခုရဲ့ ခေါင်းဆောင်မှုအပိုင်းကို အားနည်းနေသရောင်၊ အစွမ်းအစမရှိ သရောင် ပြိုင်ဘက်ရန်သူဟာ ပုံဖော်ဖို့ကြိုးစားလေ့ရှိတယ်။ သတိထားစရာက လက်ရှိ ကျွန်တော်တို့ တော်လှန်ရေးရဲ့ ခေါင်းဆောင်မှုဟာ အခက်အခဲပေါင်းများစွာကနေ တည်ဆောက်ထားရတာပဲ ဖြစ်တယ်။ မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးတဲ့ခေါင်းဆောင်မှုမျိုးဖြစ်ပါတယ်။ အလားတူ ခေါင်းဆောင်မှု မျိုးရှိခဲ့တယ်ဆိုရင်တောင် ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေးဝန်းကျင်က မတူပါဘူး။
လက်ရှိခေါင်းဆောင်မှုဟာ ဘုံရည်မှန်းချက်တူ၊ ဦးတည်ချက်တူ၊ ရန်သူလည်းတူနေတဲ့ ခေါင်းဆောင်မှုမျိုးဖြစ်တယ်။ သို့သော် ကြုံခဲ့ရတဲ့ ခေတ်စနစ်ဆိုးတွေကြောင့် ကွဲပြားတဲ့ အယူအဆတွေတော့ အနည်းနဲ့အများရှိနေမှာဖြစ်တယ်။ လက်ရှိကာလမှာ ဒီခေါင်းဆောင်မှုကို အရင်ကနဲ့မတူတဲ့ နည်းပညာအား၊ စိတ်ဓာတ်အား၊ ပြည်သူလူထု ပါဝင်မှုအားနဲ့ တည်ဆောက်နေတာပဲဖြစ်တယ်။ ဒီခေါင်းဆောင်မှုဟာ အချိန်ကာလအားဖြင့် လသားအရွယ်ပဲ ရှိပါသေးတယ်။ ရန်သူကြောင့်ဖြစ်စေ၊ အချင်းချင်းမညီညွတ်မှုကြောင့်ဖြစ်စေ အကြောင်းကြောင်းကြောင့် အင်အားနည်းသွားနိုင်တဲ့ အနေအထားဖြစ်တယ်။ ဒါကို ကျွန်တော်တို့ အဖြစ်ခံလို့မရပါဘူး။
အပြန်အလှန်အားနည်းစေမယ့် အကြောင်းအရာတွေကို ရှောင်ရှားရင်း အတတ်နိုင်ဆုံး သည်းခံမှုတွေ၊ ဆွေးနွေးမှုတွေ၊ ဒီမိုကရေစီယဉ်ကျေးမှုတွေနဲ့ ကျွန်တော်တို့ အင်အားတွေကို တည်ဆောက်ထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ညီညွတ်နေဆဲ တော်လှန်ရေးအင်အားစုဖြစ်ပါတယ်လို့လည်း တင်ပြလိုက်ရပါတယ်။
စိုင်းခိုင်မျိုးထွန်း (8-10-2021)