ပိုင်ကျုံမြို့နယ်တွင် BGF မိသားစုဝင်​ ၄ ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ နောင်မြလွှဲကျေးရွာအနီးမှာ အောက်တိုဘာ ၇ ရက် မနေ့ ည ၁၁ နာရီလောက်က BGF  နယ်ခြားစောင့်တပ်ဖွဲ့ဝင်တယောက်ရဲ့ နေအိမ်ကို လက်နက်ကိုင်တစ်စုက လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ၄ ယောက် သေဆုံးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အမှတ် ၁၀၁၉ နယ်ခြားစောင့်တပ်ရင်းက တပ်ဖွဲ့ဝင်မိသားစုကို လက်နက်ကိုင်တစ်စုက လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် BGF  တပ်ဖွဲ့ဝင်နဲ့  သူ့ရဲ့ ဇနီးအပြင်  ကလေး ၂ ယောက် စုစုပေါင်း  ၄ ယောက် သေဆုံးတယ်လို့ သူတို့နဲ့နီးစပ်သူတစ်ဦးက အတည်ပြုပြောပါတယ်။

နောင်မြလွှဲကျေးရွာသား တစ်ဦးက"ညက သေနတ်သံတွေကြားတယ်။ BGF  မိသားစု ၄ ဦးသေတယ်။ စစ်ကောင်စီရဲ့ လက်ပါးစေမို့ ရွာမှာ လာနေတာ ရွာသားတွေက သိပ်မကြိုက်ဘူး။"လို့ ပြောပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ မိသားစုတိုက်ခိုက်ခံရပြီးနောက် နောင်မြလွှဲကျေးရွာကို BGF  တပ်က ကား ၉ စီးနဲ့လာရောက်ပြီး စစ်ဆေးခဲ့ပါတယ်။

ဖေဖော်ရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့တပ်နဲ့ BGF  တပ်တွေက ကေအန်ယူထိန်းချုပ်နယ်မြေတွေကို ဝင်ရောက်တိုက်ခိုက်တာ၊ ဆန္ဒပြပြည်သူတွေကို လိုက်လံဖမ်းဆီးတာ၊ ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ ကျူးလွန်ခဲ့ကြပါတယ်။

More News
Up