၂၀၂၁ ခုနှစ် စာပေဆိုင်ရာ နိုဘယ်လ်ဆု တန်ဇန်းနီးယား စာရေးဆရာရရှိ

အခုနှစ် ၂၀၂၁ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို တန်ဇန်းနီးယား စာရေးဆရာ အဗ္ဗဒူလာဇက်ခ် ဂူနောကို ရွေးချယ်ချီးမြှင့်လိုက်တယ်လို့ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက အောက်တိုဘာ ၇ ရက်ဒီနေ့ညနေ ကြေညာပါပါတယ်။
ဂူနောဟာ သူ့ဘဝအတွေ့အကြုံတွေနဲ့ အခြေတည်ကာ ကိုလိုနီနယ်ချဲ့ဝါဒရဲ့ အကျိုးသက် ရောက်မှုတွေ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့ ကမ္ဘာ့တိုက်ကြီးတွေအကြား ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ ကြမ္မာကို သနားဂရုဏာသက်ဖွယ်၊ မညှာတမ်းထိုးဖောက်ရေးသားနိုင်မှုတွေကြောင့် ဒီဆုကို ရွေးချယ်ချီးမြှင့်ခံရတာဖြစ်တယ်လို့ ကော်မတီက ပြောပါတယ်။
၁၉၄၈ ခုနှစ်က ဇမ်ဇီဘာ ကျွန်းစုမှာ မွေးဖွားခဲ့တဲ့ စာရေးဆရာ ဂူနောဟာ အသက် ၇၂ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး သူ့အသက် ၂၀ အရွယ်မှာ အင်္ဂလန်ကို ဒုက္ခသည်အဖြစ် ရောက် ရှိခဲ့သူ ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Paradise စာအုပ်ကတော့ ဂူနောရဲ့ နာမည်ကြီး စာအုပ်တ အုပ်အနေနဲ့ ထင်ရှားပြီး ၂၀ ရာစုအစောပိုင်းကာလ တန်ဇန်းနီးယားမှာ ကြီးပြင်းခဲ့တဲ့ ကောင်လေးတယောက်အကြောင်းကို ရေးသားခဲ့တာဖြစ်ကာ နာမည်ကျော် Booker ဆု ဆန်ကာတင်စာရင်းထဲ ပါဝင်ခဲ့တာပါ။
စာပေဆိုင်ရာ နိုဘယ်လ်ဆုဟာ ဆွီဒင်နိုင်ငံက ချီးမြှင့်တဲ့ စာပေဆုတခုဖြစ်ပြီး ၁၉၀၁ ခုနှစ်က စတင်ပြီး နှစ်စဉ် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာတဝန်း ဘယ်နိုင်ငံက စာရေးဆရာမဆို ရရှိနိုင်ပြီး ဆွီဒင် စက်မှုလုပ်ငန်းရှင် အဲလ်ဖရက် နိုဘယ်လ်ရဲ့ သေတမ်းစာအရ “စာပေနယ်ပယ်မှာ အကောင်းဆုံးလမ်းပြနိုင်တဲ့ အပြောင်မြောက်ဆုံး လက်ရာ” ကို ဖန်တီးနိုင်တဲ့ စာရေးဆရာတွေကို ရွေးချယ်ပေးအပ်တာ ဖြစ်ပါတယ်။
လက်ရာတခုချင်းစီကို အသိအမှတ်ပြုစရာအဖြစ် ရည်ညွှန်းလေ့ရှိပေမယ့် ရွေးချယ်ချီးမြှင့်တဲ့ ဆုကတော့ စာရေးဆရာရဲ့ ဖန်တီးမှုအားလုံးကို ဆွီဒင်အကယ်ဒမီက ခြုံငုံသုံးသပ် အကဲဖြတ်ကာ ပေးအပ်တာမျိုး ဖြစ်ပါတယ်။
နိုဘယ်လ်ဆုချီးမြှင့်တဲ့ နယ်ပယ်တွေထဲမှာတော့ စာပေ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး နယ်ပယ်တွေပါဝင်ပြီး ဆုရရှိသူတွေကို နှစ်စဉ် အောက်တိုဘာလ အစောပိုင်းမှာ ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။
Photo- Getty Images