တရုတ်ပြည်မကြီးအစိုးရဟာ ၂၀၂၅ လောက်မှာ ထိုင်ဝမ်ကျွန်းကို အပြည့်အဝ ကျူးကျော်လာနိုင်စွမ်း ရှိလိမ့်မယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူးကို့ချန်က အောက်တိုဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။
လက်ရှိ တရုတ်နဲ့ စစ်ရေး တင်းမာမှုအခြေအနေကို ထိုင်ဝမ်လွှတ်တော်အတွင်း အမတ်တွေက မေးမြန်းချိန်မှာ အနှစ်လေးဆယ်ကျော်အတွင်း အပြင်းထန်ဆုံး အခြေအနေပဲလို့ ကာကွယ်ရေး ဝန်ကြီးက ဖြေခဲ့ပါတယ်။
တရုတ်ဟာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် အခိုင်အမာ ပြောထားတာပါ။ ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေးဇုန်ကို ဖြတ်ပြီး တရုတ်စစ်လေယာဉ်တွေက လတ်တလောမှာ ထပ်ခါတလဲ ပျံသန်း နေခဲ့လို့ ထိုင်ဝမ်နဲ့ တရုတ် အစိုးရတို့ကြား တင်းမာမှု စံချိန်တင် မြင့်တက်နေပါတယ်။ တရုတ်ပြည်မကြီးက ထိုင်ဝမ်ကို ဆက်တိုက် ခြိမ်းခြောက်နေတယ်လို့ ထိုင်ဝမ်က ပြောပါတယ်။
အောက်တိုဘာ ၁ ရက်ကနေ ၄ ရက်အတွင်း တရုတ်စစ်လေယာဉ် အစီး ၁၅၀ နီးပါးဟာ ထိုင်ဝမ် လေကြောင်း ကာကွယ်ရေး ဇုန်ထဲကို ဖြတ်ကျော် ပျံသန်းခဲ့တယ်လို့ ထိုင်ဝမ်အစိုးရက ကြေညာ ထားပါတယ်။
ထိုင်ဝမ်ရဲ့အဓိက စစ်လက်နက်ပစ္စည်း ပေးသွင်းသူ အမေရိကန်ကတော့ ထိုင်ဝမ်ဘက်ကနေ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေတယ်လို့ အတည်ပြု ပြောဆိုရင်း တရုတ်ကို ဝေဖန် ပြစ်တင်ခဲ့ပါတယ်။
ထိုင်ဝမ်ကို လက်နက်ရောင်းချပေးပြီး ထိုင်ဝမ်ရေလက်ကြားကတဆင့် စစ်သင်္ဘောတွေ စေလွှတ်နေတဲ့ အမေရိကန်ရဲ့မူဝါဒကို တရုတ်ပြည်မကြီးအစိုးရက ဝေဖန်ပြစ်တင်ခဲ့ပါ။