ဘားအံမြို့နယ်တွင် ကျေးရွာသူကြီးခန့်အပ်ပြီး တာဝန်ယူရန် BGF ဖိအားပေး

ကရင်​ပြည်နယ်၊ ဘားအံမြို့နယ် (ကေအန်ယူ- တပ်မဟာ ၁ သထုံခရိုင်)​ ထိန်းချုပ်နယ်မြေအတွင်းမှာ ကျေးရွာသူကြီးခန့်အပ်ပြီး တာဝန်ယူအုပ်ချုပ်ဖို့ အ​​ကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံ ဘီဂျီအက်ဖ်တပ်က ဖိအားပေးညွှန်ကြားလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘားအံမြို့နယ်၊ ​တကောင်ဘိုးကျေးရွာအုပ်စုထဲက ဂျို့ပင်ဆိပ်ကျေးရွာ၊ မြိုင်ကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာ၊ မီးပုံးကျေးရွာက ရပ်မိရပ်ဖနဲ့ ဂေါပကတွေကို မိတ်ထိလာ ကျေးရွာ (ဃို့ကုန်း)ကို အမှတ် ၁၀၁၄ တပ်ရင်း၊ တပ်ခွဲ ၂ မှူး ဗိုလ်တင်ဝင်းက ခေါ်ယူတွေ့ဆုံပြီး အတင်းဖိအားပေး ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကျေးရွာတွေမှာ သူကြီးတစ်ယောက်ကို  ၁ လ (သို့မဟုတ်) ၁၅ ရက်စနစ်နဲ့ သူကြီးတာဝန်ယူပြီး အုပ်ချုပ်ဖို့ အောက်တိုဘာ ၃ ရက်နေ့က အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ဂျို့ပင်ဆိပ်ကျေးရွာမှာ တစ်လကို သူကြီး ၂ ဦး၊ မြိုင်ကျေးရွာမှာ ၁ လသူကြီး၂ ဦး၊ မီးပုံးကျေးရွာမှာ ၁ လသူကြီး ၄ ဦး၊ ကုန်းတန်းကြီးမှာ ၁၅ ရက်သူကြီး ၃ ဦးစီ တာဝန်ဖို့နဲ့ သူကြီးရွေးချယ်မှုတွေကို အောက်တိုဘာလ ၅ ရက်နေ့ နောက်ဆုံးထားပြီး ရွေးချယ်ဖွဲ့စည်းဖို့ ညွှန်ကြားခဲ့ပါတယ်။

ဘားအံမြို့နယ်၊ ဂျို့ပင်ဆိပ်ကျေးရွာ ဒေသခံတစ်ဦးက "အတင်းဖိအားပေးပြီး မလုပ်ချင်လည်းမရဘူး။ မလုပ်ချင်လည်း လုပ်ရမယ်။ မလုပ်ရင် အသက်အန္တရာယ်ကို ရန်ရှာမယ် ပုံစံ။ ကျနော်တို့ ဒေသခံတွေကတော့ ကေအန်ယူရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ အမြဲရှိနေချင်တာ"လို့ ပြောပါတယ်။

သူကြီးတာဝန်ယူမယ့်သူတွေရဲ့  ဖုန်းနံပါတ်တွေကို ယူထားပြီး မိမိကျေးရွာအတွင်း ကေအန်ယူ၊ ကေအန်အယ်လ်အေ တပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်တဲ့ သွားလာလှုပ်ရှားမှုတွေကို ဘီဂျီအက်ဖ်တပ်ဖွဲ့ဆီ ချက်ချင်းသတင်းပေးပို့ဖို့ အမိန့်ပေးညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး ကေအန်ယူတာဝန်ရှိသူ- တပ်မဟာ ၁ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုး​မြင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လက အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ်ရင်းမှာ တာဝန်ထမ်းဆောင်ဖို့ ကျေးရွာတစ်ရွာကို လူတစ်ယောက်နှုန်း စစ်မှုမထမ်းမနေရဆိုပြီး တပ်ခွဲမှူး ဗိုလ်တင်ဝင်းက ကျေးရွာ တာဝန်ရှိသူတွေကို ပြော​ကြားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

More News
Up