လွိုင်ကော်မြို့တွင်း ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ














ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့မှာ အောက်တိုဘာ ၆ ရက်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လူနေအိမ်တွေပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ အရပ်သား ၁ ဦး သေဆုံးကာ ကလေး ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အောက်တိုဘာ ၆ ရက်နေ့ ည ၉ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လွိုင်ကော်မြို့ နမ့်ဘောဝမ်(ခ) ရပ်ကွက်မှာ လက်ကြီးကျည်တွေ ရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ လူနေအိမ် ၅ လုံး ပျက်စီးခဲ့သလို လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိသူ ၆ ဦးရှီပြီး အဲဒီထဲက ၁ ဦးကတော့ ဒီကနေ့မနက် သေဆုံးသွားတယ်လို့ ရပ်ကွက်နေထိုင်သူတဦးက ပြောပါတယ်။
“ကလေး ၂ ယောက်၊ လူကြီး ၃ ယောက် ပြောတယ် အမ၊ ထိခိုက်တာပေါ့။ သေတာက ၁ ယောက်ပဲ။”
သေဆုံးသွားတဲ့ အမျိုးသားဟာ အိမ်ရှေ့ကတိုက်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည်အစ သူ့အိမ်ခန်းကို ဖောက်ပြီး ခါးကိုထိမှန် သေဆုံးသွားတာလို့ ဆိုပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို ဒီဗွီဘီကနေ ဆက်သွယ်မေးမြန်းရာမှာတော့ မနေ့ညက ဖြစ်ပွားတဲ့တိုက်ပွဲမှာ သူတို့အဖွဲ့နဲ့ ဖြစ်ပွားခဲ့တာဟုတ်ဘူးလို့ ပြောပါတယ်။
“ကျနော်တို့ အဲဒါမသိဘူး။ ဖြစ်တာကတော့ ၅၄ တပ်ဘက်မှာဖြစ်တယ်နဲ့တူတယ်။ ဟိုမှာ ရမ်းသမ်းပစ်လိုက်လို့ ထိသွားတယ်လို့ ပြောတယ်။ ဒီမနက်မှာ နောက်ထပ်တယောက်ဆုံးသွား တယ်ပြောတယ်။ သေချာတော့ သတင်းမသိရဘူး။ ဘယ်သူနဲ့ ဘယ်သူဖြစ်လဲဆိုတာ။”
မနေ့ညက ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့ကမှ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ လူမှုကွန်ရက်တွေမှာတော့ လွိုင်ကော်မြို့အနီးက ၅၄ ထောက်ပို့တပ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး လွိုင်ကော်အရှေ့ဘက် လောပိတသွားတဲ့ လမ်းမှာ ပြည်သူ့ဘက်တော်သားတွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ကရင်နီ (ကယား) ပြည်နယ်မှာ မေလကစ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေပြီး သေဆုံးသူ ၁၀၀ ကျော်ပြီဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ဆန္ဒပြပွဲ သပိတ်အတွင်း သေဆုံးသူ ၂ ဦး၊ စစ်တပ်က အရပ်သားတွေကို ပစ်သတ်လို့ သေဆုံးသူတွေ၊ စစ်ရှောင်စဉ် သေဆုံတာအပြင် PDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း နေ့စဉ်နဲ့အမျှ သေဆုံးနေကြရပါတယ်။
ဒါ့အပြင် တိုက်ပွဲကြောင့်လည်း ဒေသခံပြည်သူ သိန်းချီ စစ်ရှောင်နေကြရပြီး စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။