
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ အစိုးရဌာနဆိုင်ရာတွေရှိတဲ့ နေရာ ၂ နေရာမှာ အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပါတယ်။
“အခု ဗုံးပေါက်တာက ရွှေဘို ကညနရုံးနဲ့ ကျောက်ကြီးရုံးပါ။ ကျောက်ကြီးက တရားရုံးရယ်၊ ထွေအုပ်ရုံးထဲမှာရှိတဲ့နေရာ အနည်းငယ် ထိခိုက်ရှိတယ်”လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး မကြာခင်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုကို ရွှေဘို PDF က လုပ်ဆောင်ခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ထားပါတယ်။
NonCDM သမားတွေနဲ့ စစ်ကျွန်ဖြစ်လိုသူတွေဟာ ရုံးတက်တာနဲ့ ကညန ရုံးမှာ အခွန်ဆောင်တာ၊ မီတာခဆောင်တာတွေလုပ်နေတဲ့ အတွက် ဒီနေ့လယ် ၁ နာရီလောက်က ရွှေဘိုအထွေထွေအုပ်ချုပ်ရေးရုံးမှာဗုံးခွဲခဲ့သလို နေ့လယ် ၂ နာရီ မိနစ် ၅၀ မှာ ရွှေဘိုကညနရုံးကို သတိပေး ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
ပြည်သူလူထုအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ရုံးတွေ၊ တာဝါတိုင်တွေ၊ ဘဏ်တွေအနားကို မသွားလာကြဖို့လည်း ရွှေဘို PDF က အသိပေးကြေညာထားပါတယ်။
Photo- Wikimedia