မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းကို YDF တပ်ဖွဲ့က ဆွဲမိုင်းနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄၀ ကျော်သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၅ ရက် ညနေ ၃ နာရီခွဲလောက်မှာ ဂန့်ဂေါဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ယာဉ်အစီးရေ ၅၀ ကျော်ကို ပဒေသာဆွဲမိုင်း ၁၄ လုံးနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ YDF-ဂန့်ဂေါက ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကား ၅ စီး၊ တင့်ကား ၁ စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးကာ ၃၀ လောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်ပေမယ့် YDF-ဂန့်ဂေါဘက်က အထိအခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
လတ်တလော စစ်ရေးအခြေအနေတွေကြောင့် ဂန့်ဂေါ-ကလေး ကားလမ်းနဲ့ ဂန့်ဂေါ-ထီးလင်း ကားလမ်းတွေကို မိဘပြည်သူတွေ ခရီးမသွားလာကြဖို့လည်း တားမြစ်သတိပေးထားပါတယ်။
စစ်တပ်ယာဉ်တန်း တိုက်ခံရပြီး သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။