ပဲခူးတိုင်း​ပြည်သူ့ကာကွယ်​ရေးတပ် ဖွဲ့စည်း၊ ​တော်လှန်​ရေး အရှိန်မြှင့်သွားမည်ဟု တာဝန်ရှိသူပြော

ပဲခူးတိုင်း​ဒေသ​ကြီး မြို့နယ် ၂၈ ​မြို့နယ်မှာ ​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့​တွေ ဖွဲ့စည်း​​ပြီး ​ဖြစ်တာ​​​​ကြောင့် လူမဆန်တဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ကာ  တော်လှန်ရေးကို အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူက ပြောပါတယ်။

အမျိုးသားညီညွတ်​ရေးအစိုးရ ကာကွယ်​ရေးဝန်​ကြီးဌာနရဲ့ (၂/ ၂၀၂၁) ထုတ်​ပြန်ချက်အရ  ပဲခူးတိုင်းအတွင်း မြို့နယ် ၂၈​ မြို့နယ်​က ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့  နဲ့ ခရိုင်ပြည်သူ့ ကာကွယ်​ရေးတပ်ဖွဲ့များကို  ဖွဲ့စည်းခဲ့တာ​ဖြစ်​ပါတယ်။

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို​တော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့တာ ဖြစ်​ပြီး အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်​ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကို ရရှိထားပြီး​ပြီလို့ တောင်းပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ဇူလိုင်လက စနစ်တကျ ဖွဲ့စည်းထားတာ​ဖြစ်ပြီး အခုမှ ထုတ်ပြန်တာဟာ  ပြည်သူများသိဖို့ လိုအပ်လာတာ​​​​​ကြောင့် ထုတ်ပြန်ရတာ​လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ခံ ဗိုလ်တင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ တိုင်းအတွင်းက တော်လှန်ရေး အင်အားစုတွေအပါအဝင် တခြားတိုင်းနဲ့ပြည်နယ်က တော်လှန်ရေးအင်အားစုတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တာဝန်ခံ ဗိုလ်တင်ဦးက “ပြည်သူတွေအနေနဲ့​ ပြည်သူ့ ကာကွယ်​ရေးတပ်ဖွဲ့ တွေရဲ့ လူမဆန်တဲ့စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်​ရေးလုပ်ငန်းများ အရှိန်​မြှင့်ဆောင်ရွက်ချက်တွေမှာ ပူးပေါင်းပါဝင်ပေးဖို့ကို မေတ္တာရပ်ခံတိုက်တွန်းပါတယ်” လို့ ပြောပါတယ်။

မြို့တွင်းပြောက်ကျား စစ်ဆင်ရေးနဲ့ချေမှုန်းရေး တိုက်ပွဲတွေကြောင့်  ​ ပြည်သူလူထု အနေ​နဲ့ အန္တရယ်ကင်းရှင်းပြီး ထိခိုက်မှု အနည်းဆုံးဖြစ်​စေဖို့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာ​ပေးဖို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ ​(တောင်ပိုင်းတိုင်းစစ်ဌာနချုပ်)က တိုက်တွန်းထားပါတယ်။

More News
Up