စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ အလုံစစ်ဆေးဂိတ်မှာ မနေ့က ပြည်သူ ၂ ဦး ဖမ်းဆီးခံရပြီး ဒေါနခြံရပ်ကွက်က NLD ပါတီရုံးကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ အလုံစစ်ဆေးဂိတ်မှာ အောက်တိုဘာ ၄ ရက် ညနေ ၆ နာရီလောက်က အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
မျက်မြင်တစ်ဦးက “အမျိုးသမီး ၂ ယောက် အသက် ၂၀ ဝန်းကျင်၊ အလုံစစ်ဆေးဂိတ်မှာ စစ်ဆေးတယ်၊ သူတို့က PDF တွေ ထောက်ပံ့တယ်ဆိုပြီး ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂ ဦး ဘယ်သူတွေဆိုတာ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
မုံရွာမြို့ ပြည်ထောင်စုလမ်းဘေး ဒေါနခြံရပ်ကွက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရပ်ကျေးရုံးကို အောက်တိုဘာ ၄ ရက်နေ့ စစ်ကောင်စီက ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အခုမနက် ကျနော်တို့ ဒေါနခြံရပ်ကွက်မှာရှိတဲ့ NLD ရပ်ကျေးရုံးကို စစ်ကောင်စီတပ်က လာပြီး ချိတ်ပိတ်တဲ့ ဗီနိုင်းလာကပ်ခဲ့ထားတာ တွေ့ရတယ်။”
စက်တင်ဘာ ၂၉ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒေါနခြံရပ်ကွက်က NLD ရပ်ကျေးရုံးကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး နေအိမ်မှာရှိတဲ့ မိသားစုဝင် ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဖမ်းဆီးထားတဲ့ မိသားစုဝင် ၆ ဦးအနက် အောက်တိုဘာ ၄ ရက်နေ့ ညနေက ၂ ဦး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။