ရေစကြိုလူငယ် ၁ ဦးကို စစ်တပ်ကပစ်သတ်ပြီး အလောင်းပြန်မပေး၊ ဖမ်းဆီးခံရသူများကို လိမ်ညာ လက်မှတ်ထိုးခိုင်း

မကွေးတိုင်း၊ ရေစကြိုမြို့ Date လက်ဖက်ရည်ဆိုင်မှာ  ဒေသခံလူငယ် မောင်သုတအောင်ကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းပြန်မပေးတဲ့အပြင် ဖမ်းဆီးသွားသူ ၅ ယောက်ကိုလည်း  ဗုံးကွဲမှုကြောင့် သေဆုံးတာဖြစ်ကြောင်း လက်မှတ်ရေးထိုးခိုင်းတယ်လို့ သိရပါတယ်။

မုံရွာမြို့ရောက်ရှိနေတဲ့ စစ်တိုင်းမှူး ပြန်မှသာ အလောင်းပြန်ပေးဖို့ မပေးဖို့ကို အကြောင်းကြားပေးမယ်လို့  စစ်တပ်က  ပြောတယ်လို့ သေဆုံးသူနဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပါတယ်။

“အလောင်းကို အခုချိန်ထိ ၃ နာရီခွဲအထိ ပြန်မပေးသေးပါဘူး။ ဖမ်းသွားတဲ့သူ ၅ ယောက်ကိုလည်း ဗုံးပေါက်လို့ သေတာလို့ လက်မှတ်ထိုးခိုင်းနေတယ်လို့ ကြားတယ်။ အခု အိမ်မှာပဲ သက်ပျောက်ဆွမ်းသွတ်နေပါတယ်။ အခင်းဖြစ်ပြီးကတည်းက အလောင်းကို ယူသွားတာပါ၊ ကျနော်တို့ ပြန်တောင်းတယ် မရသေးဘူး။ မုံရွာဘက်မှာ တိုင်းမှူးရောက်နေတယ်လို့ ပြောတယ်။ စစ်တိုင်းမှူးလို့ ပြောတယ်၊ ဒီဘက်ကို လာမယ်လို့ပြောတယ်။ သူအပြန်ကျမှပဲ အကြောင်းကြား ပေးမယ်လို့ သူတို့ကပြောတယ်၊ အစောကလည်း ၁၂ ကျော်ကျော်လောက်က ကား ၁၆ စီး စစ်ကားတွေနဲ့ မြို့ထဲကိုမောင်းဝင်သွားတာတွေ့တယ်၊ ပြန်တာလည်း မမြင်မိသေးဘူး”လို့  ပြောပါတယ်။

ရေစကြိုမြို့ အမှတ် ၇ ငါးရာပြည့်ရပ်ကွက်ရှိ  Date လက်ဖက်ရည်ဆိုင်မှာ အောက်တိုဘာ ၄ ရက်နေ့ မနက် ၉နာရီ ခွဲလောက်က အကြမ်းဖက်စစ်တပ်တွေ ဝင်ရောက်ပစ်ခတ်ပြီး ဆိုင်ရှင် အမျိုးသမီးမရီတင် အပါအဝင်  လူငယ် ၅ ဦးကို ဖမ်းဆီးပြီး  မောင်သုတအောင်ရဲ့ ဦးခေါင်းကို ပစ်သတ်ခဲ့တာဖြစ်ပါတယ်။  

အသက် ၂၁ နှစ်အရွယ် မောင်သုတအောင်မှာ ဦးခေါင်းကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တာဖြစ်ပါတယ်။

More News
Up