ရွှေနှင့်ဒေါ်လာ အဂတိလိုက်စားမှု စွပ်စွဲချက် အဓိပ္ပာယ်မဲ့ဟု ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

ရွှေနဲ့ ဒေါ်လာတွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေ အားလုံးဟာ အဓိပ္ပာယ်မဲ့တယ် (All Absurd) လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့ရုံးချိန်းမှာ  တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိပုဒ်မအမှု ၄ ခုထဲက ရွှေနဲ့ဒေါ်လာတွေပေးခဲ့တဲ့အမှုအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားလိုပြသက်သေအဖြစ် စစ်ကောင်စီစွဲဆိုချက်ဟာ ခိုင်မာကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က "သူ (ဒေါ်အောင်ဆန်းစုကြည်) ကတော့ All Absurd လို့ပြောတာပဲ။ သူပြောတဲ့စကားအတိအကျပဲ။ သောကြာနေ့က သက်သေထွက်ချက်အပေါ် သူက အဲ့လိုပဲပြောတယ်။ ရွှေတွေဒေါ်လာတွေ ပေးတယ်ဆိုတဲ့အမှုနဲ့ ပတ်သက်လို့ ဘာပြောစရာရှိလဲလို့ ကျနော်မေးတဲ့ဟာ All Absurd တဲ့။ ဒါပဲပြောသွားတာ။"လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တစ်ပတ်မှာ သုံးရက်အထိ ရုံးချိန်းတွေ ဆက်တိုက်ချိန်းဆိုနေရတာကြောင့် ပင်ပန်းနေပြီး တချို့အမှုတွေကို တစ်ပတ်ခြားတစ်ခါခေါ်ဖို့ တရားရုံးကို တောင်းဆိုခဲ့ပါတယ်။ 

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အချိန်တွေဟာ တစ်ပတ်မှာ ၃ ရက် ရုံးချိန်းသွားရပြီး ကျန်တဲ့ရက်တွေမှာလည်း အမှုအတွက်ပြင်ဆင်တာတွေနဲ့ပဲ အချိန်ကုန်တဲ့သဘော သက်ရောက်နေတာပါ။ တရားရုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုချက်ကို အောက်တိုဘာ ၁၁ ရက်နေ့ရုံးချိန်းကြရင် အဆုံးအဖြတ်ပေးမယ်လို့ တုံ့ပြန်ထားပါတယ်။

ရှေ့နေ ဦးခင်မောင်ဇော် "သူကတရားရုံးကို လျှောက်လွှာတင်တယ်။ တပတ်ခြားတစ်ခါချိန်းပေးဖို့။ သူက သူ့ကျန်းမာရေးအခြေအနေကို အကြောင်းပြတယ်။ အခုက အမှုတွေက တနင်္လာကနေ သောကြာနေ့အထိ ဆက်တိုက်ဖြစ်နေပြီဗျ။ ရုံးဖွင့်ရက်တွေအကုန်လုံးကို ရုံးကိုလာနေရတယ်ဗျာ။ သူပင်ပန်းတယ်ပေါ့ အဲ့ဒါကိုပြောတာပါ။"လို့ ပြောပါတယ်။

ဒီနေ့မနက် နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံးမှာ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပေါ် တရားစွဲဆိုထားတဲ့ သဘာဝဘေးဥပဒေပုဒ်မအမှုတွေကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မတွေကို စစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက ပုဒ်မ ၆ ခုနဲ့ တရားစွဲခဲ့ပြီး ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုထပ်ဖွင့်ခဲ့ပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိပုဒ်မ အမှုလေးခုနဲ့ထပ်မံစွဲဆိုခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုစုစုပေါင်း ၁၁ မှုအထိ ရှိနေပါတယ်။

Photo -Credit -Wikimedia commons

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up