
အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့လက်အောက်ခံတပ်တွေဟာ ကေအန်ယူနယ်မြေအတွင်းက ကျေးရွာတွေမှာ ရွာသားတွေကို အဓမ္မအလုပ်ခိုင်းစေတာ၊ ဖမ်းဆီးရိုက်နှက်တာ စတဲ့လူ့အခွင့်အရေး ဆက်တိုက်ချိုးဖောက်မှုတွေပြုလုပ်နေတယ်လို့ အောက်တိုဘာ ၃ ရက်နေ့ ကေအန်ယူ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ကေအန်ယူ သထုံခရိုင်မှာ စစ်ကောင်စီတပ်က ရွာသားတွေကို အဓမ္မစေခိုင်းတာ၊ ပေါ်တာဆွဲတာတွေ၊ ဖမ်းဆီးရိုက်နှက်တာနဲ့ လက်နက်ကြီးကျည်နဲ့ ရမ်းသန်း ပစ်ခတ်မှုတွေကြောင့် ရွာသားတွေရဲ့ နေအိမ် အဆောက်အအုံတွေအပြင် ထိခိုက်မှုတွေ ရှိနေကြောင်းလည်း သတင်းထုတ်ပြန်ချက်က ဖော်ပြပါတယ်။
စက်တင်ဘာ ၂၀ ရက်မနက်က စစ်ကောင်စီတပ်လက်အောက်ခံ BGF-၁၀၁၃ တပ်စုမှူး ဗိုလ်ကတုံးက ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာကနေ ကြသောင်းဆိပ် (BGF) စခန်းသို့ တပ်ပြောင်းရာမှာ ဒေသခံ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်ပေါင်း ၃၀၀ ဦးကို သူတို့စခန်းအတွက် ရိက္ခာသယ်ယူဖို့ အဓမ္မခေါ်ဆောင်ကာ ပေါ်တာဆွဲ ခိုင်းစေကြောင်း ဖော်ပြပါတယ်။
အလားတူ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီ ၂၀ မိနစ်ကလည်း ဗိုလ်ကတုံးဟာ အင်အား ၃၅ ဦးနဲ့ ကေအန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးနယ်အုပ်စု၊ ကြိုးဝိုင်းကျေးရွာမှ ကြသောင်းဆိပ်ကျေးနယ်အုပ်စု၊ ကြသောင်းဆိပ်ကျေးရွာ (BGF) စခန်းသို့ တပ်ပြောင်းရာမှာ ကြိုးဝိုင်းကျေးရွာနဲ့ ကြိုးဝိုင်းကမ်းနားကျေးရွာသာား ၁၀၇ ယောက်ကို ရိက္ခာသယ်ယူဖို့ ပေါ်တာဆွဲ အဓမ္မ စေခိုင်းခဲ့ကြောင်း ဆိုပါတယ်။
စက်တင်ဘာ ၇ ရက်တုန်းကလည်း စကခ (၈) လက်အောက်ခံ ခမရ(၄၀၆) စစ်ကြောင်း၂ ဗိုလ်မှူးကျော်ထွန်းငြိမ်းနဲ့ BGF-၁၀၁၃ တပ်စုမှူး ဗိုလ်ကတုံးတို့ ပူးပေါင်းစခန်း(လေးကေ)မှ စခန်း ပြုပြင်ဖို့ ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးနယ်အုပ်စု၊ လေးကေကျေးရွာသားတွေကို တအိမ်ကို ဝါး ၁၀ ချောင်းနဲ့ သစ် ၂ ချောင်း ခုတ်ပြီး စခန်းသို့ လာရောက်ပို့ပေးဖို့ အဓမ္မ စေခိုင်းခဲ့ကြောင်းလည်း ဖော်ပြပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ ခမရ (၄၀၆)မှ ဦးရွှေတွင်း ဆီဆိုင်ကို ဖျက်ဆီးခဲ့ပြီး သထုံမြို့နယ်၊ ဝီယော်ကျေးနယ်အုပ်စု၊ ထုံးဘိုကြီးကျေးရွာမှ ရွာသား ၂ ယောက်ကို သေနတ်ဒင်နဲ့ ရိုက်နှက်ခဲ့ပါတယ်။
စက်တင်ဘာ ၂၉ ရက်မှာတော့ ဝမ်းဘဲအင်းကျေးရွာ အနီးတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီ စကခ (၈) လက်အောက်ခံ ခမရ(၄၀၆)က လယ်ကနေ ပြန်လာတဲ့ လူငယ်နှစ်ယောက်ကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး ညနေ ၆ နာရီကျော်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကေအန်ယူ သထုံခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် နေအိမ်၊ ဘုန်းကြီးကျောင်းတချို့ ပျက်စီးသွားခဲ့ရသလို ဒေသခံတွေ ထိပ်လန့်နေကြရကြောင်း ကေအန်ယူထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကေအန်ယူတပ်မဟာ (၅) နယ်မြေ မူတြော်ခရိုင်မှာ ကေအန်အယ်လ်အေ(KNLA)နဲ့ စစ်ကောင်စီတပ်တွေ စက်တင်ဘာ ၃၀ ရက်က တရက်တည်း ရင်ဆိုင်တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၂၄ ယောက် သေဆုံးကာ အယောက် ၃၀ လောက် ဒဏ်ရာရသွားတယ်လို့သိရပါတယ်။