ပုသိမ်မြို့၌ စစ်တပ်က လုံခြုံ​ရေးအ​​ကြောင်းပြ စစ်ဆေးပြီး လူငယ်များထံမှ ငွေတောင်းနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အာဏာသိမ်းစစ်တပ်က လုံခြုံ​ရေးအ​​ကြောင်းပြချက်နဲ့ စစ်​​ဆေးတာတွေ ပြုလုပ်ပြီး လူငယ်တွေဆီကနေ ငွေတောင်းတာနဲ့ အဓမ္မစေခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပုသိမ်မြို့နေ ​ဒေသခံတစ်ဦးက “လမ်း​တွေမှာ ​နေရာစုံစစ်တယ်၊ လူငယ်​တွေဆို အကုန်ရှာတယ်၊ ဖားခုန်ခိုင်းတာ​တွေ၊ ပိုက်ဆံ​တောင်းတာ​တွေ လုပ်​နေတာ၊ မြို့ထဲ ဓားပြ​တွေ ဝင်ဖမ်းထားသလို၊ စစ်တယ်ဆို ပိုက်ဆံ​တောင်းဖို့ ၊ ရိုင်းလည်းရိုင်းတယ်” လို့  ပြောပါတယ်။

စစ်တပ်ရဲ့ စစ်​ဆေးခံရသူတစ်ဦးက “ပုသိမ်ကြိုးတံတားအဆင်းမှာ ဘာလက်နက်မှမပါဘူး။ အတင်းခေါ်ပြီး စစ်တယ်။ စစ်တာတော့ တာဝန်အရ စစ်တာဆိုတော့ လက်ခံပါတယ်။ စစ်ပြီး ဘာလက်နက်မှမပါဘူး၊ PDF မဟုတ်မှန်းလည်း သိရော မြက်နုတ်ခိုင်းတယ်၊ ဖားခုန် ခုန်ခိုင်းတယ်၊ ဘာအပြစ်မှမရှိဘဲနဲ့ ဒဏ်ငွေ အတင်းဆောင်ခိုင်းတယ်။ အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ရော အရင်ဆုံး ကျပ်တသောင်းနဲ့ ညှိတယ်။ ၅၀၀၀ ထပ်တိုးပေးတယ်၊ မရဘူး။ နောက်ဆုံး နှစ်သောင်း ပေးခဲ့ရ​တယ်” လို့ လူမှုကွန်ရက်မှာ တင်ထားတာ ​တွေ့ရပါတယ်။

ပုသိမ်မြို့နယ် ငဝန်မြစ်ကြောင်းတလျှောက်မှာလည်း စစ်တပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ မိုင်းရှင်းလင်းရေးအဖွဲ့တွေနဲ့ ခရီးသည်တင်စက်လှေတွေ၊ ကုန်တင်ရေယာဉ်တွေအပြင် ပုသိမ်မြို့နယ်အတွင်း ဆိုက်ကပ်ထားတဲ့ ကျောက်ငူကူးတို့ဆိပ်၊ ဝဲဒေါင့်ကူးတို့ဆိပ်နဲ့ အမှတ် ၁ ဘောတံတား ဆိပ်ကမ်းတို့ပါ ရှာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။

More News
Up