Home
မြန်မာသတင်း
မူဆယ်မြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲအရာရှိ ၁ ဦး သေဆုံး
DVB
·
October 4, 2021

မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ အောက်တိုဘာ ၃ ရက် ညက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲအရာရှိ တယောက် သေဆုံးသွားတယ်လို့  ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ကျင်စန်းကျော့ကနေ ဝမ်တိန်ဂိတ်သွားတဲ့လမ်း၊ ကောင်းခန့်ရွာအထက်ဆီဆိုင်နားမှာ စစ်ကောင်စီ လက်အောက်ခံအဖွဲ့နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တို့အကြား မနေ့ည ၇ နာရီ ၄၀ မိနစ်လောက်ကစပြီး နာရီဝက်လောက်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ရဲအရာရှိဟာ  မူဆယ်မြို့နယ်ရုံးကဖြစ်တယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက “စခန်းက မဟုတ်ဘူး။ မြို့နယ်မှူးရုံးက။ သူက ရဲအုပ်။ ရဲအုပ်စိုးလင်း။ ဝဝ ဗိုက်ရွှဲရွှဲနဲ့။ တွဲကားသမား ၁ ယောက်လည်း ထိတယ်။” လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ အခု မနက်ပိုင်း စစ်ကောင်စီတပ်တွေက လုံခြုံရေး တင်းကျပ် စစ်ဆေးနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“အလောင်းကိုတော့ ခုမနက် ၈ နာရီခွဲကျော်က သယ်သွားတယ်။ နာရေးကားတွေ သယ်သွားတာ။ ညကတည်းက ခြေရှုပ်နေတာ။ ညက လာမသယ်ဘူး။ ရဲဘက်က ဗိုလ်ကြီးလို့ သိရတယ်။ အလောင်း တစ်လောင်းပဲ။ မနက်က သူငယ်ချင်းတွေ သွားတယ်။ ဓာတ်ပုံမရိုက်ခဲ့ဘူး။ မနက် အစောကြီးက စစ်သားတွေ မရောက်သေးဘူးလေ။ သူတို့ အဲမှာ ရှိသေးတယ်ခု။ ကျနော်သွားတာ အသွားမခံတော့ဘူး။ ကားတွေရော အသွားမခံတော့ဘူး။ ခုလမ်းတလျှောက် စစ်သားတွေ အများကြီးပဲ။ ခု အပေါ်ကကားတွေ အောက်ဆင်းမခံဘူး။ အောက် (မူဆယ်) ဘက်ကကားတွေတော့ အတက်ခံတယ်။”

မနေ့ညက နာရီဝက်ခန့်ကြာပစ်ခတ်မှုဖြစ်ကာ ရမ်းသန်းပစ်ခတ်တာကြောင့် အနီးနားကဆိုင်တွေကိုလည်း ကျည်ထိမှန်လို့ လူတွေပုန်းနေရကြောင်း၊ အနီးနားမှာရှိတဲ့ ကုန်ကားတွေကို အကုန်စစ်နေပြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံတွေက ကြောက်လန့် စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာအနီးနားက ဒေသခံ မျက်မြင်တစ်ဦးက “ကျနော်တို့ အဒေါ်ဆိုင်ရှေ့မှာဖြစ်တာ။ အဒေါ်က အထက်ကအိမ်မှာ လာပြေးပုန်းနေရတယ်။ ပစ်တာ ဆိုင်တွေလည်း မှန်တယ်။  ရဲ ၁ ယောက် သေတယ် ကြားတယ်။ တွဲကားဆရာလည်း ကျည်ထိသွားတယ်။ အဲဒီမှာရှိတဲ့ ကားဘီးတွေလည်း အကုန် ပစ်ဖောက်တယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုအခြေအနေနဲ့ ပတ်သက်ပြီး နောက်ထပ်မျက်မြင် ရွာခံတစ်ဦးကလည်း “အဖွဲ့တစ်ဖွဲ့က FAW ကားနဲ့လာတာ။ သူတို့ကို ကလန်ကဆန်ပြောတာနဲ့ သူတို့က စပစ်ခဲ့ပြီး ပြေးတာ။ ဗုံးက သုံးလုံးဖောက်တယ် အကြီးကြီး။ ကျနော်တို့က အဲဒီအထက်နားလေးက ဆိုင်မှာလေ။ ဗုံးသုံးလုံးက တော်တော်ပြင်းတယ်။ သေနတ်တွေ တဒိုင်းဒိုင်းနဲ့ ပစ်နေတာ။ ခုလည်း ပစ်တုန်းပဲ။ ပစ်ပြေးတာတော့ ရှမ်းအဖွဲ့လို့ပဲ သိရတယ်။ ဘာရယ်၊ ဘယ်အဖွဲ့ရယ်လို့တော့ မသိလိုက်ဘူး။ သူတို့တားတာကို တခါတည်း ပစ်ပြေးတာ။ အတိအကျ မသိဘူး” လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကလည်း ကြူကုတ်(ပန်ဆိုင်း)နဲ့ ကျင်စန်းကျော့ သွားတဲ့လမ်း ကြားမန်မိုင်ရွာမှာ အသက် ၃၀ အရွယ်  ဆိုင်ကယ်ဈေးသည် ၁ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့ကသေနတ်က ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024