ရန်ကုန်တိုင်း၊ သာကေတမြို့နယ် မြင်တော်သာ ဂိတ်ဟောင်းမှာ အောက်တိုဘာ ၃ ရက် ည ၈ နာရီခွဲလောက်က အကြီးစား ဗုံးဖောက်ခွဲမှု လုပ်ဆောင်ခဲ့တယ်လို့ ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ ( BFRAF)က ကြေညာပါတယ်။
သာကေတမြို့နယ်၊ ၃ ရပ်ကွက်၊ မာန်ပြေနဲ့ ၄ တောင်အနီး ဂိတ်ဟောင်း မှတ်တိုင်နားက ယမုံနာလမ်းမှာ ဗုံးတလုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး လူတွေ ထိခိုက်ဒဏ်ရာတာ မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
ဗုံးဖောက်ခွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်လာကာ လမ်းသွားလမ်းလာတွေနဲ့ အနီးဝန်းကျင်လမ်းတွေကို အဝင်အထွက် ပိတ်ဆို့ ရှာဖွေစစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်။
မနေ့ညက သာကေတမြို့နယ်၊ ၄ ရပ်ကွက် ကန်ဘက်အခြမ်းမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့သလို မြို့မ ၉ လမ်းထဲရှိ နေအိမ်တွေကနေ အမျိုးသားတွေကို လက်ပြန်ကြိုးတုပ် ခေါ်ဆောင်သွားကာ ၊ ၄-တောင် ဓမ္မာရုံအနီးနားရှိ သမအိမ်ခန်းတွဲတွေက ယောကျာ်းလေးတွေ အကုန်ဖမ်းသွားတယ်လို့ Tharkayta News စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။
အဆိုပါဖြစ်စဉ်မှာ ဖမ်းဆီးခံရသူတွေဟာ ဘယ်သူတွေဆိုတာနဲ့ ဖမ်းဆီးခံရသူ အရေအတွက်ကိုတော့ ဒီဗွီဘီက အတည်ပြုလို့မရသေးပါဘူး။