အိုမန်နိုင်ငံတွင် အပူပိုင်မုန်တိုင်း တိုက်ခတ်နေသဖြင့် လေကြောင်းခရီးစဉ်များ ရွှေ့ဆိုင်း

အိုမန်နိုင်ငံကို အပူပိုင်မုန်တိုင်း ရှာဟဲင်းက အောက်တိုဘာ ၃ ရက်မှာ ဝင်ရောက် တိုက်ခတ်နေလို့ မြို့တော် မူစကတ်ကို အဝင်အထွက်လုပ်တဲ့ လေကြောင်းခရီးစဉ်တွေကို ရွှေ့ဆိုင်းထားရပါတယ်။

ဒေသခံတွေ ကမ်းရိုးတန်းဒေသတွေကို ရှောင်ဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

မူစကတ်မြို့တော်အပြင်ဘက် ဘော်ရှာက လမ်းတွေပေါ်မှာ ရေက ခါးလောက်ထိတက်နေပြီး ကားတွေ နစ်မြုပ်နေပါတယ်။

မုန်တိုင်းမျက်စိက မူစကတ်မြို့တော်နဲ့ မိုင် ၄၀ ပဲဝေးပြီး လေတိုက်နှုန်း ၁ နာရီ ၇၅ မိုင်ထိ ပြင်းထန်နေတယ်လို့ အိုမန် ဘေးအန္တရာယ်၊ ရာသီဥတုနဲ့ အရပ်ဘက်လေကြောင်းအေဂျင်စီတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

မုန်တိုင်းချက်မဟာ မွန်းလွဲနဲ့ ညနေပိုင်းမှာ ကုန်းတွင်းဝင်ရောက်ဖို့ မျှော်လင့်ထားပြီး မိုးကြီး လေပြင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မတော်တဆဖြစ်ရပ်တွေကို ဟန့်တားဖို့ မြို့တော်အရှေ့ပိုင်းက အယ်လ်ကမ်ဒေသမှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ဖြတ်တောက်ထားမယ်လို့ အမျိုးသားအရေးပေါ်ကော်မတီက ပြောပါတယ်။

ရေနံတင်ပို့တဲ့ အိုမန်နိုင်ငံက လူဦးရေ ၅ သန်းရဲ့ အများစုဟာ မူစကတ်မြို့မှာ နေထိုင်ကြပါတယ်။

More News
Up