တောင်ကုတ်မြို့တွင် ကမ်းပါးပြိုပြီး နေအိမ်အချို့ ပျက်စီး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ဂူတာပြင်ရပ်ကွက်မှာ အောက်တိုဘာ ၂ ရက် ညက မိုးကြီးကာ ချောင်းကမ်းပါးပြိုကျသွားခဲ့တာကြောင့်  နေအိမ် ၇ လုံး  ပျက်စီးသွားခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ 

ကမ်းပါးပြိုကျတဲ့အတွက် လူနေအိမ် ၄ လုံး ပြိုကျပျက်စီးခဲ့သလို နေအိမ်တချို့လည်း အနည်းငယ်ပျက်စီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။ 

နေအိမ်ပျက်စီးသွားတဲ့ ဒေသခံအမျိုးသား တဦးက “မနေ့က ည ၁၀ နာရီကျော်မှာ  မိုးတအားရွာတဲ့အခါနဂိုတုန်းကလုပ်ထားတဲ့ ကမ်းပါးနံရံတွေ ချောင်းရေတိုက်စားပြီးတော့ ပြိုကျတာ နေအိမ်တွေလည်း ပြိုကျသွားခဲ့တာပေါ့။  ကျနော် အိမ်ဆိုရင် အဆိုးဆုံးပါပဲ။ ကျနော်တို့ ခေါင်းရင်းက အိမ်နဲ့ခြေရင်းက အိမ်တွေ ပြိုကျသွားတယ်ပေါ့၊  ၄ အိမ်လောက်က ၆၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားခဲ့တယ်။”လို့ပြောပါတယ်။

တချို့အိမ်တွေမှာ မြေကြီးတွေ အက်ကွဲသွားပြီး လူနေထိုင်လို့ မရတော့ကြောင်းနဲ့  စိုးရိမ်ရတဲ့ အနေအထား ဖြစ်သွားတယ်လို့လည်း ပြောပါတယ်။

အခုလို ချောင်းကမ်းပါးမြေထိန်းနံရံပြိုကျမှုကို မြို့နယ်မီးသတ်တပ်ဖွဲ့တွေက ကူညီ ကယ်ဆယ်ပေးခဲ့တာကြောင့် လူတွေ ထိခိုက်ဒဏ်ရာမရရှိဘဲ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

More News
Up