တရုတ်-မြန်မာရေနံပိုက်လိုင်းကုမ္ပဏီ ဝန်ထမ်း ၅ ဦးကို စစ်တပ်က ဖမ်းဆီး

မန္တလေးတိုင်း၊ ကျောက်ဆည်တောမရွာမှာရှိတဲ့ တရုတ်-မြန်မာ ရေနံပိုက်လိုင်း  Southeast Asia - Oil&Gas Pipeline ကုမ္ပဏီဝန်ထမ်း ၅ ယောက်ကို  ကျောက်ဆည် PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်တပ်က  စက်တင်ဘာ ၂၉ ရက်က ဖမ်းဆီးသွားပါတယ်။ 

ဝန်ထမ်းတစ်ဦးက “၂၉ ရက်နေ့ ညနေ ၄နာရီလောက်မှာ ကျောက်ဆည်(တောမ) ရုံးမှာ ရှိတဲ့ ဝန်ထမ်းကို ကျောက်ဆည် PDF နဲ့ အဆက်သွယ်ရှိတယ်လို့ စွပ်စွဲပြီး ရုံးထဲထိ ဝင်ဖမ်းသွားပါတယ်။ စပြီး အဖမ်းခံရသူက ကိုလင်းကိုပါ။ သူက တရုတ်-မြန်မာ ရေနံပိုက်လိုင်းကုမ္ပဏီရဲ့ တရားဝင် Maintenance ဝန်ထမ်းပါ။ သူ့ရဲ့ အစ်ကိုအရင်းနဲ့ ဝမ်းကွဲမောင်နှမ ၃ ယောက်က ကျောက်ဆည်မှာ ကားဗုံးခွဲခံရတဲ့ အထဲပါသွားတဲ့ သူတွေပါ” လို့ ပြောပါတယ်။ 

အဲဒီနေ့ ည ၁၀ နာရီလောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အား အများအပြားနဲ့ ထပ်ရောက်လာကာ နောက်ထပ် ၅ ယောက်ထုတ်ပေးဖို့ ထပ်လာတောင်းခဲ့ပြီး ၂ ယောက်က ခွင့်ယူထားတဲ့အတွက် Maintenance ဝန်ထမ်း  ၃ ယောက်ကို ထပ်ဖမ်းသွားတယ်လို့လည်း သိရပါတယ်။ 

ခွင့်ယူထားသူထဲက ကိုသန်းဇော်ကိုတော့ နောက်နေ့ စက်တင်ဘာ ၃၀ ရက်မှာ ကျောက်ဆည်ထဲမှာပဲ ဖမ်းမိတယ်လို့ ကြားရပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဝန်ထမ်းတွေကို  ဘယ်နေရာမှာ ဖမ်းဆီးထားပြီး  သေသလား၊ ရှင်သလားလည်း မသိရသေးပါဘူး။ 

စက်ရုံထဲ ဝင်ဖမ်းဖို့ အပေါက်ဖွင့်ပေးဖို့ ပြောရာမှာ ကုမ္ပဏီ တာဝန်ရှိသူက ခွင့်မပြုနိုင်ကြောင်း၊ စက်ရုံအလုပ်သမားတွေကို အကြောင်းပြချက် မခိုင်လုံဘဲ ဘယ်ခေါ်သွားမှန်း မသိရဘဲ မထည့်ပေးနိုင်ကြောင်း ပြောဆိုရာ စစ်ကောင်စီတပ်သားတွေက ဒါဟာ မိမိတို့ နိုင်ငံအရေးဖြစ်ပြီး ဝင်ခွင့်မပြုပါက အင်အားသုံး ဖြိုခွဲပြီး မြန်မာဝန်ထမ်းအားလုံးကို ဖမ်းဆီသွားမယ်လို့ ခြိမ်းခြောက်ပြီး အတင်းဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up